ဩစတြေးလျ၌ ဆုံဆို့ရောဂါကူးစက်မှုမြင့်တက်လာသဖြင့် အရေးပေါ်ကျန်းမာရေး ထောက်ပံ့နိုင်ရန် ပြင်ဆင်

 

 

ကန်ဘာရာ မေ ၂၀

ဩစတြေးလျနိုင်ငံ၌ ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ဆုံဆို့ရောဂါ ကူးစက်ခံရသူ ၂၂၀ ကျော် စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် အရေးပေါ်ကျန်းမာရေးထောက်ပံ့မှု အစီအစဉ်တစ်ရပ်ကို ပြင်ဆင်ဆောင်ရွက်နေ ကြောင်း သိရသည်။

 

အကြီးမားဆုံးရောဂါကူးစက်မှုဖြစ်

ကျန်းမာရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ယခုဖြစ်ပွားနေသော ဆုံဆို့နာရောဂါ ကူးစက် ပြန့်ပွားမှုမှာ ဆယ်စုနှစ်များစွာအတွင်း ဩစတြေးလျနိုင်ငံ၌ အကြီးမားဆုံး ရောဂါကူးစက်ဖြစ်ပွားမှုတစ်ခု ဖြစ်ကြောင်း သိရသည်။

 

အဆ ၃၀ ခန့် မြင့်တက်လာ

ဩစတြေးလျကျန်းမာရေးဝန်ကြီး မာ့ခ်ဘတ်လာက မေ ၂၀ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဆုံဆို့နာရောဂါကူးစက်မှု တစ်ဟုန်ထိုးမြင့်တက်လာခြင်းမှာ အလွန်စိုးရိမ်ဖွယ်ဖြစ်ကြောင်းနှင့် မကြာသေးမီနှစ်များအတွင်း ပျမ်းမျှဖြစ်ပွားမှုနှုန်းထက် အဆ ၃၀ ခန့် မြင့်တက်လာကြောင်း ပြောကြား ခဲ့သည်။

 

ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရေး မြှင့်တင်

ဖက်ဒရယ်အစိုးရသည် အထူးသဖြင့် ရောဂါကူးစက်မှုဖြစ်ပွားနေသည့် ဝေးလံခေါင်သီဒေသများတွင် ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရေးကို မြှင့်တင်ရန်နှင့် ထပ်ဆောင်းကျန်းမာရေးလုပ်သားများ ဖြန့်ကြက် ချထားနိုင်ရန် ပြည်နယ်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

အသက်အန္တရာယ်ဆုံးရှုံးနိုင်

ဆုံဆို့နာရောဂါသည် ကူးစက်နိုင်စွမ်းမြင့်မားသော ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသည့် ရောဂါ တစ်မျိုးဖြစ်ပြီး ပြင်းထန်သည့်အခြေအနေများတွင် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ဆင်ဟွာ