ပို့ကုန် မြန်မာ့ကော်ဖီ တိုးတက်စိုက်ပျိုးခြင်းမှသည် နိုင်ငံခြားဝင်ငွေ ရှာကြမည်

Type
ပို့ကုန်

 

မင်းမင်း

ခါးသက်သက်အရသာ၊ နက်ရှိုင်းသည့် ရနံ့ရှိသည့် ကော်ဖီတစ်ခွက်က ကြည်လင်လန်းဆန်းမှုကို ပေးစွမ်းသည်။ ကော်ဖီ၏ ခါးသက်မှုအရသာကို နို့ပျစ်ပျစ်နှင့် ပေါင်းစပ်လိုက်သည့်အခါ လူကြိုက်များသည့် Cappuccino ကော်ဖီ ဖြစ်လာသည်။

နို့နည်းနည်း၊ ကော်ဖီအနှစ်ပျစ်ပျစ် များများ ပါဝင်သည့် Espresso ကလည်း ကော်ဖီချစ်သူများ အကြိုက်။ နို့နှင့် Creamy များသည့် ပုံစံ Caf Latte ၊ ကော်ဖီအသားချည်း သို့မဟုတ် ကော်ဖီပလိန်း Americano ၊ ကော်ဖီ၊ ချောကလက်၊ နွားနို့ ပါဝင်သည့် ကော်ဖီ Mocha ၊ နို့မပါဘဲ ကော်ဖီနှင့် Creamy အချိုးကျဖျော်စပ်သည့် Caramel Macchiato တို့ကိုလည်း ကော်ဖီချစ်သူများက နေ့စဉ်သောက်သုံး ကြသည်။

သောက်သုံးသူအကြိုက် အမျိုးမျိုးဖျော်စပ် သောက်သုံးကြသော ကော်ဖီသည် ကော်ဖီမျိုးစိတ် (Species) ပေါင်း ၁၂၀ ခန့်ရှိကြောင်း သိရသည်။ ကုန်းမြင့်ကော်ဖီဖြစ်သည့် အာရေးဗီးကား၊ မြေနိမ့် ကော်ဖီဖြစ်သည့် ရိုဘတ်စတာ၊ လိုက်ဘရီကာ၊ အိတ်ဆယ်စာစသည့် ကော်ဖီမျိုးစိတ်များကို စီးပွား ဖြစ် စိုက်ပျိုးမှုများသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်အလိုက် ကော်ဖီကို ရွေးချယ်စိုက်ပျိုးကြသည်။

“ကျွန်တော်တို့ မြန်မာ့ကော်ဖီက ပြည်ပပို့ကုန်တစ်ခုပါ။ ဒါကြောင့် မြန်မာ့ကော်ဖီကို အရေအတွက် များများ၊ အရည်အသွေးမြင့်မြင့် ထုတ်လုပ်ရောင်းချဖို့ လိုအပ်နေပါပြီ။ ကျွန်တော်ကတော့ တောင်ငူမှာ အာရေးဗီးကားနဲ့ ရိုဘတ်စတာ နှစ်မျိုးကို စိုက်ပျိုးထုတ်လုပ်ပါတယ်။ ပြည်တွင်းဈေးကွက် Icon နဲ့ City mart တွေမှာ ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ ပဲခူး၊ တောင်ငူ၊ ရေတာရှည်၊ ပြည်၊ တောင်ကြီး၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ ဘားအံ၊ ရန်ကုန်စတဲ့မြို့တွေကို တင်ပို့ရောင်းချနေပါတယ်။ Green Bean ကိုတော့ ရွာငံ၊ ရန်ကုန်၊ တောင်ကြီးမြို့ တွေကို ရောင်းချပါတယ်။ ပြည်ပပို့နိုင်ဖို့လည်း ကြိုးစားနေပါတယ်” ဟု Light House Coffee Myanmar မှ ဦးဇေယျာမင်းက ပြောသည်။

အများအပြားစိုက်ပျိုး

ကော်ဖီပင်သည် နှစ်ရှည် သီးနှံပင်မျိုးဖြစ်သည်။ တစ်ခါစိုက်ပျိုးပြီး အပင်ဖြစ်ထွန်းပါက သားသမီး မြေးမြစ်အထိတိုင် ဝင်ငွေရရှိမည့် သီးနှံဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြား စိုက်ပျိုးကြသည်။ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးမှုရှိသည်။

မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးပြီးဧရိယာ စုစုပေါင်း ၂၇၉၂၀ ဟက်တာ (၆၈၉၉၄ ဧက) ခန့်ရှိပြီး ထုတ်လုပ်မှုဧရိယာမှာ ၁၃၉၈၇ ဟက်တာ (၃၄၅၆၃ ဧက) ခန့်ရှိသည်။ တစ်နိုင်ငံလုံးအနေဖြင့် ကော်ဖီ ဆန်ထွက်ရှိမှုသည် တန်ချိန် ၁၀၀၀၀ ခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြန်မာ့ကော်ဖီသည် အနံ့၊ အရသာနှင့် အရည်အသွေးပိုင်း ထူးကဲကောင်းမွန်သည့်အတွက် နိုင်ငံတကာကော်ဖီဈေးကွက်တွင် နာမည်ကောင်း ရရှိထားသည်။ ထိပ်တန်းရောက်သည်။ မြန်မာ့ ကော်ဖီကို အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ တို့သို့ တင်ပို့ရောင်းချလျက်ရှိသည်။

“ကျွန်တော်တို့နိုင်ငံမှာ အာရေးဗီးကားနဲ့ ရိုဘတ်စတာကော်ဖီမျိုးတွေ အဓိကစိုက်ကြပါ တယ်။ အာရေးဗီးကားကို မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မှာ အများဆုံး စိုက်ပျိုးကြတယ်။ အာရေးဗီးကားမျိုး၂၉ မျိုးရှိပြီးတော့ မှတ်ပုံတင်ပြီး မျိုး ၁၆ မျိုးရှိပါတယ်။ SL-28 ၊ SL-34 ၊ S-795  ၊ Catuai ၊ Caturra ၊ Catimor ၊ P-88 နဲ့ P-90 မျိုးတွေ ကို အများဆုံးစိုက်ပျိုးကြတယ်။ ရိုဘတ်စတာကော်ဖီ မျိုးကိုတော့ ကရင်ပြည်နယ်ဘက်မှာ အများဆုံး စိုက်တယ်။ ဒေသမျိုးတွေအပါအဝင် ၁၀ မျိုးကျော် ရှိပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောကြားသည်။

အလားအလာကောင်းများစွာ ပိုင်ဆိုင်ထား

နိုင်ငံတကာဈေးကွက်ဝင် မြန်မာ့ကော်ဖီသည် အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားသည့် သီးနှံဖြစ်သည်။ မြန်မာ့ကော်ဖီမှ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရေး ကြိုးပမ်းကြရမည်ဖြစ်သည်။ ထို့ကြောင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးရေး၊ ပြည်ပပို့ကုန် အဖြစ် တိုးမြှင့်တင်ပို့နိုင်ရန် ကော်ဖီတိုးချဲ့စိုက်ပျိုးရေး၊ လက်ရှိ စိုက်ဧကများတွင် အထွက်နှုန်းများ ကောင်းမွန်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကော်ဖီအသင်းအဖွဲ့များ၊ ကော်ဖီစိုက်ပျိုးသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံကော်ဖီအသင်းအပါအဝင် ကော်ဖီအစုအဖွဲ့များနှင့် ပူးပေါင်းကာ စိုက်ပျိုးရေးဦးစီးဌာန က မြန်မာ့ကော်ဖီအရည်အသွေး ပိုမိုမြင့်မားလာ၍ ထုတ်လုပ်မှုပမာဏ တိုးတက်လာစေရန် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာပေးသင်တန်းများ၊ မျိုးစေ့ ပျိုးပင်ပျိုးထောင် ဖြန့်ဖြူးခြင်း လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာနက ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောင်သူပညာပေး စံပြကွက်များနှင့် အသုံးချသုတေသန စမ်းသပ်ကွက် အမျိုးမျိုးတို့ကို စိုက်ပျိုးပြသလျက်ရှိသည်။

ထို့ပြင် စိုက်ပျိုးရေးထုတ်ကုန်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေးနှင့် စားသောက်ကုန်များတွင် ဓာတုဓာတ်ကြွင်းများ မကျန်ရှိစေရေးတို့အတွက် ကောင်းမွန်သော စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် သက်ဆိုင်သည့် သင်တန်းများကို ပို့ချပေးလျက်ရှိကာ အဆိုပါ လုပ်ငန်းစဉ်များအတိုင်း လိုက်နာပြီး စိုက်ပျိုးထုတ်လုပ်သော ကော်ဖီစိုက်ခင်းများကို ကော်ဖီ GAP အသိအမှတ်ပြုလက်မှတ်များ ရရှိရေးကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

“နိုင်ငံတော်အတွက် ကော်ဖီက ပို့ကုန်တစ်ခု ဖြစ်ပြီးတော့ အလားအလာရှိတဲ့ သီးနှံပါ။ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုကနေ အကျိုးအမြတ် ရရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို ကော်ဖီလုပ်ငန်းရှင် တွေကလည်း တိုးတက်စိုက်ပျိုးထုတ်လုပ်ချင်ပါတယ်။ မြန်မာ့ကော်ဖီကဏ္ဍ ပိုပြီးဖွံ့ဖြိုးဖို့ သမဝါယမ ပုံစံမျိုး၊ နှစ်စဉ် ကော်ဖီစိုက်ဧကတွေ တိုးချဲ့လုပ်ဆောင်နိုင်ဖို့ ဥယျာဉ်သစ်တော ရောနှောစိုက်စနစ်မျိုးတွေ ဖော်ဆောင်ပေးစေလိုပါတယ်။ တိုးတက်စိုက်ပျိုး နိုင်ဖို့ နိုင်ငံတော်ကနေ စိုက်ပျိုးလုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကို မြေအငှားစနစ်လည်း ဖော်ဆောင် ပေးစေချင်ပါတယ်” ဟု Light House Coffee Myanmar မှ ဦးဇေယျာမင်းက အကြုံပြုပြောကြားသည်။

အချုပ်အားဖြင့်ဆိုရလျှင် ကော်ဖီ တိုးတက် စိုက်ပျိုးရန် လိုအပ်သည့် ရေ၊ မြေ သယံဇာတ ပြည့်စုံစွာ တည်ရှိနေသည်။ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်မည့် နည်းပညာများကိုလည်း စဉ်ဆက်မပြတ် မျှဝေလျက်ရှိသည်။ နိုင်ငံတကာ ဈေးကွက်အထိ အဆင့်တစ်ခု ထိုးဖောက်ရရှိထားပြီဖြစ်သည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် စနစ်တကျ တိုးတက်စိုက်ပျိုးပါက ကော်ဖီသီးနှံဖြင့် စီးပွားဖြစ်ထွန်းသည့် လုပ်ငန်းရှင်သာဓကများလည်းရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် အရည်အသွေးပြည့် ကော်ဖီကို တိုးတက်စိုက်ပျိုးထုတ်လုပ်ပြီး ပို့ကုန်အမယ် မြန်မာ့ကော်ဖီ၏ ဝိသေသလက္ခဏာဖြင့် နိုင်ငံခြားဝင်ငွေ ကြိုးပမ်းရှာဖွေကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။