ဂျီနီဗာ မေ ၁၇
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သည် ကွန်ဂိုနှင့် ယူဂန်ဒါနိုင်ငံတို့တွင် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားမှုကို နိုင်ငံတကာစိုးရိမ်ဖွယ်ရာ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။
ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်း အီတူရီပြည်နယ်တွင် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားကြောင်း အတည်ပြုပြီးနောက် မေ ၁၇ ရက်တွင် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အာဖရိကသမဂ္ဂ၏ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ အေဂျင်စီက အီဘိုလာရောဂါဖြစ်ပွားမှုနှင့် ဆက်နွှယ်သည့် သံသယဖြစ်ဖွယ်သေဆုံးသူ ၈၇ ဦးရှိကြောင်း ထုတ်ပြန် ထားသည်။
ကွန်ဂိုနိုင်ငံမှ ယူဂန်ဒါနိုင်ငံသို့ ခရီးသွားလာသူများအနက် နှစ်ဦးတွင် ရောဂါကူးစက်ခံထားရသည်ဟု အစီရင်ခံစာ ရရှိထားကြောင်း၊ ထို့ပြင် ကနဦးရရှိထားသော နမူနာများတွင် ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်မားနေသဖြင့် လက်ရှိ စစ်ဆေးတွေ့ရှိထားသည့် အခြေအနေထက် ရောဂါကူးစက်ပျံ့နှံ့မှု ပိုမိုကျယ်ပြန့်နိုင်ကြောင်း၊ ဒေသတွင်းနှင့် အနီး ပတ်ဝန်းကျင်နိုင်ငံများအထိ ကူးစက်ပျံ့နှံ့နိုင်သည့် အန္တရာယ်မြင့်မားနေကြောင်း WHO က ပြောကြားသည်။
သို့သော် အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှုမှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် ဖြစ်ပွားမည့် စံနှုန်းသတ်မှတ် ချက်များနှင့် ကိုက်ညီမှု မရှိသေးကြောင်း WHO က ဆက်လက်ပြောကြားသည်။ အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှု အတိုင်းအတာကို သိရှိနိုင်ရေးနှင့် ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများကို ညှိနှိုင်းဆောင်ရွက်နိုင်ရေး တို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် WHO က တိုက်တွန်းထားသည်။
ကွန်ဂိုနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားခဲ့စဉ်ကလည်း WHO က နိုင်ငံတကာစိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။
အင်န်အိတ်ချ်ကေ