အီတလီအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ယူကရိန်းတင်းနစ်မယ် အယ်လီနာ စဗစ်တိုလီနာက နာမည်ကြီး အမေရိကန်တင်းနစ်မယ် ကိုကိုဂေါ့ဖ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး ၆-၄၊ ၆-၇ (၇-၃)၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။
စဗစ်တိုလီနာသည် အီတလီအိုးပင်းဖလားကို သုံးကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အီတလီ အိုးပင်းဖလားကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်လည်း ဆွတ်ခူးထားသည်။
စဗစ်တိုလီနာသည် ပြိုင်ပွဲတစ်လျှောက်တွင် ကမ္ဘာ့အဆင့် (၂) ရွိုင်ဘာကီနာ၊ ကမ္ဘာ့အဆင့် (၃) ဆွီယာတက်ခ်တို့ကို အနိုင်ယူ ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာသူ ဖြစ်သည်။ ဗိုလ်လုပွဲတွင်လည်း ကမ္ဘာ့အဆင့် (၄) ကိုကိုဂေါ့ဖ် ကို ထပ်မံအနိုင်ယူ ကျော်ဖြတ်ကာ အီတလီအိုးပင်းဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ယခုပြိုင်ပွဲမတိုင်မီ ကျင်းပခဲ့သည့် မက်ဒရစ် အိုးပင်းပြိုင်ပွဲတွင် ၆၄ ဦးအဆင့်အထိသာ တက်လှမ်းနိုင်ခဲ့သည်။