ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၄၈ စတုရန်းကီလိုမီတာလျှင် ကျားသစ်တစ်ကောင်မှ သုံးကောင်အထိ နေထိုင်ကျက်စားလျက်ရှိ

 

 

ဟုမ္မလင်း မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်၏ အရှေ့ဘက်၌ တည်ရှိသည့် ထမံသီတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောတွင် ၄၈ စတုရန်း ကီလိုမီတာလျှင် ကျားသစ်တစ်ကောင်မှ သုံးကောင်အထိ နေထိုင်ကျက်စားလျက် ရှိကြောင်း ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

အဆိုပါတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဘေးမဲ့တော၏ နမ့်ပုဂွန် ချောင်းနှင့် နမ့်အီးဇူးချောင်းဧရိယာတို့၌ အလိုအလျောက်ရိုက် ထောင်ချောက်ကင်မရာ ၄၈ လုံးဖြင့် ရက်ပေါင်း ၆၀ (နှစ်လ)ကြာ သုတေသနပြုလုပ်ခဲ့ရာမှ ကျားသစ်များ နေထိုင်ကျက်စားမှုကို တွေ့ရှိမှတ်တမ်းတင်နိုင် ခဲ့ခြင်းဖြစ်သည်။

 

ကျားသစ်ကောင်ရေ၊ ကျက်စားရာဒေသ အပါအဝင် ပေါက်ရောက်သည့် သီးပင်၊ စားပင်များ၏ အခြေအနေကိုသာမက ကင်မရာထောင်ချောက်မှတစ်ဆင့် တွေ့ရှိချက်များအပေါ် အခြေခံကာ စီမံ အုပ်ချုပ်နိုင်ရေးအတွက် စနစ်တကျ သုတေသနပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

“ထမံသီဘေးမဲ့တောရဲ့ စာရင်းကောက် ဧရိယာ နှစ်ခုစလုံးကရရှိတဲ့ အချက်အလက်တွေကို အခြေခံ တွက်ချက်ကြည့်တာ စတုရန်း ကီလိုမီတာ ၄၈ မှာ ကျားသစ်တစ်ကောင်ကနေ သုံးကောင်အထိ ​ နေထိုင် ကျက်စားနေတာ လေ့လာသိရှိရပါတယ်။ ဒါပေမယ့် ဒီဘေးမဲ့တောမှာ ကျားသစ်ကောင်ရေ တိုးလာ သလား၊ လျော့နည်းသွားသလားဆိုတာတော့ ဘေးမဲ့ တောအနှံ့ တစ်ပြိုင်တည်း လေ့လာနိုင်မှ ကျားသစ်ကောင်ရေ အတိအကျကိုပြောလို့ ရမှာပါ”ဟု ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

“ကျားသစ်သတ္တဝါ”ကို အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ IUCN က မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ် Vulnerable(VU) အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံအနေဖြင့် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝ ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် များ စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။

 ပိန်းဇလုပ် -သိန်းညွန့်