သီသီသောင်း
၂၀၂၆ ခုနှစ် မေလ ၁၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (International Museum Day – IMD) ဖြစ်သည်။ ယခုနှစ် IMD Theme ကို International Council of Museums မှ “Museums Uniting a Divided World” ဟု သတ်မှတ်ထားပြီး “ကွဲပြားခြားနားသော ကမ္ဘာကြီးအား ပေါင်းစည်းပေးသော ပြတိုက်များ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ယင်းခေါင်းစဉ်သည် ကွဲပြားမှုများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးအတွင်း ယဉ်ကျေးမှု၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ကွာဟချက်များကို ချိတ်ဆက်ပေးနိုင်သည့် တံတားများအဖြစ် ပြတိုက်များ၏ အခန်းကဏ္ဍကို ထင်ရှားစေပါသည်။ ထို့အပြင် ပြတိုက်များတွင် ပြသထားသောပစ္စည်းများနှင့် ဇာတ်လမ်းများသည် မတူကွဲပြားသော ယဉ်ကျေးမှုများကို ချိတ်ဆက်ပေးနိုင်ပြီး အတိတ်နှင့် ပစ္စုပ္ပန်ကို ပေါင်းကူးပေးသည့် အရေးပါသောအခန်းကဏ္ဍဖြစ်လာကြသည်။
ယနေ့ခေတ်တွင် ကမ္ဘာကြီးသည် မတူကွဲပြားမှုများနှင့် လူမှုရေးကွာဟချက်များကြောင့် ပိုမိုရှုပ်ထွေးလာလျက်ရှိသည့်အလျောက် ပြတိုက်များသည် သမိုင်းနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းသည့်နေရာများသာမက လူသားအချင်းချင်းနားလည်မှု၊ ညီညွတ်မှုနှင့် ဆက်သွယ်မှုများကို ဖော်ဆောင်ပေးနိုင်သည့် အရေးပါသောအဖွဲ့အစည်းများအဖြစ် တိုးတက်ပြောင်းလဲလာသည်။ ပြတိုက်များသည် အများပြည်သူတို့ တွေ့ဆုံဆက်သွယ်နိုင်သည့် နေရာများ၊ ဆွေးနွေးဖလှယ်နိုင်သည့် ပလက်ဖောင်းများနှင့် အပြန်အလှန်နားလည်မှုကို မြှင့်တင်ပေးသည့် အခြေခံအင်အားတစ်ရပ်အဖြစ် တိုးတက်လာကြပါသည်။ ထို့အပြင် ပြတိုက်များသည် ပညာရေး၊ သုတေသန၊ ဖန်တီးမှုနှင့် လူမှုဖွံ့ဖြိုးရေးတို့အတွက်လည်း အရေးပါသောအဖွဲ့အစည်းများအဖြစ် တိုးတက်ပြောင်းလဲလာပြီး ကမ္ဘာ့လူမှုအသိုင်းအဝိုင်းအတွင်း ငြိမ်းချမ်းရေးနှင့် နားလည်မှုကို တည်ဆောက်ရာတွင် အရေးပါသော တံတားများအဖြစ် တည်ရှိလျက်ရှိပါသည်။
၂၀၂၆ ခုနှစ် IMD Theme ၏ အဓိက အကြောင်းအရာများ
၂၀၂၆ ခုနှစ် IMD Theme ဖြစ်သည့် “ကွဲပြားခြားနားသော ကမ္ဘာကြီးအား ပေါင်းစည်းပေးသော ပြတိုက်များ” (Museums Uniting a Divided World) ဟူသော ခေါင်းစဉ်က ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသော ကွဲပြားမှုများကို လျှော့ချရန်အရေးပါသော အဓိပ္ပာယ်တစ်ရပ်ကို ထင်ဟပ်ပါသည်။ ပြတိုက်များသည် ကမ္ဘာတစ်ဝန်းယဉ်ကျေးမှုများအကြား ဆက်သွယ်မှုများ ဖန်တီးပေးနိုင်သည့်အပြင် လူများအကြား ယုံကြည်မှုနှင့် နားလည်မှုကို တည်ဆောက်ပေးနိုင်သည့် နေရာများဖြစ်ကြသည်။
(၁) ညီညွတ်မှုနှင့် ပါဝင်မှုမြှင့်တင်ခြင်း
ပြတိုက်များသည် ယုံကြည်စိတ်ချရသော အများပြည်သူဆိုင်ရာ နေရာများအဖြစ် တည်ရှိပြီး မတူကွဲပြားသည့် လူမှုအသိုင်းအဝိုင်းများအကြား ဆွေးနွေးဖလှယ်မှု၊ ပါဝင်မှုအခွင့်အလမ်းများနှင့် အပြန်အလှန်နားလည်မှုကို မြှင့်တင်ဖန်တီးပေးနိုင်သည့် အရေးပါသော ပလက်ဖောင်းများဖြစ်သည်။
(၂) လူမှုအသိုင်းအဝိုင်းများအကြား ကွာဟချက်များကို ချိတ်ဆက်ပေါင်းကူးခြင်း
ပြတိုက်များသည် လူမှုအသိုင်းအဝိုင်းများအကြား ကွဲပြားမှုများနှင့် အသိပညာရရှိမှုမညီမျှမှုများကြောင့် ဖြစ်ပေါ်လာသည့် ကွာဟချက်များကို ဖြေရှင်းရာတွင် ယုံကြည်မှုနှင့် ပေါင်းကူးချိတ်ဆက်မှုကို တည်ဆောက်ပေးနိုင်သည့် အရေးပါသော အခန်းကဏ္ဍကို ထမ်းဆောင်လျက်ရှိသည်။
(၃) ကုလသမဂ္ဂ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် ကိုက်ညီမှု
၂၀၂၀ ပြည့်နှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့Theme သည် United Nations ၏ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးရည်မှန်းချက်များ (Sustainable Development Goals – SDGs) ကို ထောက်ပံ့အားဖြည့်လျက်ရှိသည်။
၂၀၂၆ ခုနှစ် IMD Theme သည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (SDGs) နှင့် ကိုက်ညီလျက်ရှိပြီး အထူးသဖြင့်—
SDG 10 – မညီမျှမှု လျှော့ချခြင်း၊
SDG 16 – ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ခိုင်မာသော အဖွဲ့အစည်းများနှင့်
SDG 17 – ရည်မှန်းချက်များအတွက် မိတ်ဖက်ပူးပေါင်းမှုတို့ကို အားပေးမြှင့်တင်ရန် ရည်ရွယ်ထားသည်။ ထိုမှတစ်ဆင့် ပြတိုက်များသည် လူမှုအသိုင်းအဝိုင်းများအတွင်း ပါဝင်ခွင့်တိုးမြှင့်ခြင်း၊ အသုံးပြုရလွယ်ကူမှုကို မြှင့်တင်ခြင်းမှစတင်ကာ ပူးပေါင်းဆောင်ရွက်မှုများနှင့် နားလည်မှုတည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် အရေးပါသော အင်အားတစ်ရပ်အဖြစ် အထောက်အကူပြုလျက်ရှိကြသည်။
အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ
အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (International Council of Museums – ICOM ) ကို ၁၉၄၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ စတင်တည်ထောင်ခဲ့ရာ ၂၀၂၆ ခုနှစ်တွင် နှစ် (၈၀) ပြည့် မြောက်ပြီဖြစ်ပါသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့သည် ICOM တည်ထောင်မှု၏ နှစ် (၈၀) ပြည့်နှစ်နှင့် တစ်ချိန်တည်းကျရောက်နေပြီး ကမ္ဘာလုံးဆိုင်ရာပြတိုက်ကဏ္ဍ၏ တိုးတက်ပြောင်းလဲမှုများကို ပြန်လည်သုံးသပ်နိုင်ရန် အရေးပါသော အခါအခွင့်တစ်ရပ်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၃၈ နိုင်ငံနှင့် ဒေသဆိုင်ရာကော်မတီများဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြတိုက်ဆိုင်ရာပညာရှင် ၅၀၀၀၀ မှ ၅၇၀၀၀ ကျော်ကို အဖွဲ့ဝင်အဖြစ် စုစည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ကို အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီက ၁၉၇၇ ခုနှစ်မှ စတင်၍ နှစ်စဉ် မေလ ၁၈ ရက်နေ့တွင် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၄၉) ကြိမ်မြောက်ရှိပြီ ဖြစ်ပါသည်။ ဤနေ့၏ရည်ရွယ်ချက်မှာ ပြတိုက်များသည် ယဉ်ကျေးမှုဖလှယ်ရေး၊ အပြန်အလှန်နားလည်မှုတည်ဆောက်ရေး၊ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးမြှင့်တင်ရာတွင် အရေးပါသော အဖွဲ့အစည်းများဖြစ်ကြောင်း လူထုအတွင်း ပိုမိုသိမြင်လာစေရန် ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့၏ အဓိက ရည်ရွယ်ချက်များမှာ
(က) လူထုအသိပညာမြှင့်တင်ခြင်း။ ပြတိုက်များသည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သူများသာမက ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော အဖွဲ့အစည်းများဖြစ်ကြောင်း လူထုအား နားလည်သိရှိစေရန်၊
(ခ) ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ခြင်း။ ယဉ်ကျေးမှုအချင်းချင်း ဆက်သွယ်ဆွေးနွေးမှုကို အားပေးပြီး ယဉ်ကျေးမှုအမျိုးမျိုး၏ တန်ဖိုးကို ပိုမိုမြှင့်တင်စေရန်၊
(ဂ) ကမ္ဘာလုံးဆိုင်ရာစည်းလုံးညီညွတ်မှုဖော်ဆောင်ခြင်း။ လူမျိုးများအကြား နားလည်မှု၊ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေး၍ လူမှုအသိုင်းအဝိုင်းများကို ခိုင်မာစေရန်၊
(ဃ) ခေတ်သစ်ပြဿနာများကို ဖြေရှင်းရာတွင် ပါဝင်ခြင်း။ ရေရှည်တည်တံ့ဖွံ့ဖြိုး ရေးရည်မှန်းချက်များ (SDGs) နှင့် ကိုက်ညီစွာ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အားလုံးပါဝင်နိုင်မှု (inclusivity) တို့ကို ပံ့ပိုးကူညီရန်၊
(င) ပြတိုက်များ၏ တက်ကြွပါဝင်မှုကို မြှင့်တင်ခြင်း။ ကမ္ဘာတစ်ဝန်းရှိ ပြတိုက်များအား သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် လှုပ်ရှားမှုများတွင် ပါဝင်စေခြင်းဖြင့် “ကွဲပြားနေသောကမ္ဘာကို ပေါင်းစည်းခြင်း”ကို အားပေးရန်။
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့၏ နောက်ဆုံးရည်မှန်းချက်မှာ ပြတိုက်များကို ပူးပေါင်းစည်းလုံးစေပြီး ယင်းတို့သည် ပိုမိုရေရှည်တည်တံ့သော၊ အားလုံးပါဝင်နိုင်သော၊ ဆန်းသစ်တီထွင်မှုရှိသော အနာဂတ်ကိုပုံဖော်ရာတွင် တက်ကြွသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်ပါဝင်နေကြောင်း ထင်ဟပ်ပြသရန် ဖြစ်ပါသည်။
ပြတိုက်များသည် အချိန်နှင့်အမျှပြောင်းလဲတိုးတက်လာပြီး လူမှုအသိုင်းအဝိုင်းများနှင့် အနီးကပ်ဆက်စပ်လျက်ရှိပါသည်။ ထို့အပြင် ပြတိုက်များသည် ဆွေးနွေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လှုံ့ဆော်ပေးနိုင်သည့် အများပြည်သူဆိုင်ရာ အရေးပါသောနေရာများလည်း ဖြစ်ကြသကဲ့သို့ လူမှုအသိုင်းအဝိုင်းအတွင်း ယဉ်ကျေးမှု၊ သမိုင်းနှင့် အတွေ့အကြုံများကို ချိတ်ဆက်ပေးသည့် အားကောင်းသော တံတားများအဖြစ် ဆောင်ရွက်လျက်ရှိပေသည်။
လူမျိုးရေး၊ ဘာသာရေး၊ မျိုးဆက်ကွာဟမှုနှင့် နိုင်ငံအကန့်အသတ်များကို ကျော်လွန်၍ အတွေ့အကြုံများကို မျှဝေဖလှယ်နိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်းအားဖြင့် ပြတိုက်များသည် ယုံကြည်စိတ်ချရသော အများပြည်သူဆိုင်ရာ နေရာများအဖြစ်သာမက လူမှုရေးဖွဲ့စည်းပုံ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ်လည်း ပိုမိုခိုင်မာလာပြီး လူမှုအသိုင်းအဝိုင်းအတွင်း ယုံကြည်မှုနှင့် ညီညွတ်မှုကို တည်ဆောက်ပေးနိုင်ပါသည်။
အထူးသဖြင့် ကွဲပြားမှုများ ပိုမိုထင်ရှားလာသည့် ယနေ့ခေတ်တွင် ပြတိုက်များ၏ အခန်းကဏ္ဍသည် ယခင်ကထက် ပိုမိုအရေးပါလာပြီး လူမှုအသိုင်းအဝိုင်းများကို ချိတ်ဆက်ပေါင်းစည်းရာတွင် အဓိကအင်အားတစ်ခုအဖြစ် ပြတိုက်များ၏ အခန်းကဏ္ဍက ပိုမိုအရေးပါလာသည်ဟု ဆိုနိုင်ပါသည်။
ပြတိုက်များသို့ လာရောက်လေ့လာရန် ဖိတ်ခေါ်
၂၀၂၆ ခုနှစ် မေလ ၁၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့သည် ပြတိုက်များကို ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းသောအဖွဲ့အစည်းများသာမက ကမ္ဘာတစ်ဝန်းရှိ မတူကွဲပြားမှုများကို ယဉ်ကျေးမှုနှင့် အမွေအနှစ်များအားဖြင့် ပေါင်းစည်းပေးနိုင်သော အဖွဲ့အစည်းများအဖြစ် ထပ်မံအလေးပေးဖော်ပြသည့် အခမ်းအနားတစ်ရပ်ဖြစ်သည်။ ထို့အပြင် ပြတိုက်များက လူမှုအသိုင်းအဝိုင်းများအကြား ဆက်သွယ်မှု၊ နားလည်မှုနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ပေးနိုင်သည့် အရေးပါသော ပလက်ဖောင်းများဖြစ်ကြောင်းလည်း ထင်ရှားစေပါသည်။
ယင်းနေ့တွင် ပြတိုက်များ၊ ပြတိုက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် လာရောက်လေ့လာသူများအားလုံး တစုတစည်းတည်းပူးပေါင်းလာရောက်၍ ပြတိုက်များ၏စွမ်းအားကို အသုံးချကာ ကွဲပြားမှုများကို ချိတ်ဆက်ပေါင်းကူးရန်၊ လူမှုအသိုင်းအဝိုင်းများကို ခိုင်မာတည်ငြိမ်စေရန်နှင့် ကမ္ဘာတစ်ဝန်းတွင် အပြုသဘောဆောင်သော ပြောင်းလဲမှုများကို လှုံ့ဆော်ရန် ပြတိုက်များသို့ လာရောက်လေ့လာကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ။
- Log in to post comments