ဘန်ကောက် မေ ၁၅
ထိုင်းနိုင်ငံတွင် တွေ့ရှိခဲ့သည့် ဒိုင်နိုဆောတစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်းသည် အရှေ့တောင်အာရှဒေသတွင် တူးဖော် တွေ့ရှိခဲ့သည့် အကြီးဆုံးဒိုင်နိုဆောမျိုးစိတ်တစ်မျိုးဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ က ပြောကြားသည်။
လည်ပင်းရှည်ဒိုင်နိုဆော၏ ကျောက်ဖြစ်ရုပ်ကြွင်းကို ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ချိုင်ယာဖန် ပြည်နယ်၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အရိုးအရွယ်အစားများအပေါ် အခြေခံ၍ ထိုင်းနှင့်ဗြိတိန်နိုင်ငံမှ သုတေသီများပါဝင်သည့်အဖွဲ့က ယင်းဒိုင်နိုဆော၏ အလျားမှာ ၂၇ မီတာခန့်ရှိနိုင်ပြီး ဘတ်စကက်ဘောကွင်းတစ်ကွင်း၏ အလျားနှင့် ညီမျှကြောင်း ခန့်မှန်းထားသည်။ ထို့ပြင် အလေးချိန်မှာလည်း ၂၇ တန် ခန့်ရှိနိုင်ကြောင်း ဆိုသည်။
အဆိုပါ လေ့လာတွေ့ရှိချက်များကို ပညာရပ်ဆိုင်ရာဂျာနယ် ဖြစ်သည့် Scientific Reports တွင် မေ ၁၄ ရက်က ဖော်ပြခဲ့ခြင်းဖြစ်သည်။ မဟာဆာရာခန်တက္ကသိုလ်မှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ဆီတာမနိ ကွန်းက ဒိုင်နိုဆော၏ အရွယ်အစားသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း၊ အရိုးများအားလုံးကို မတွေ့ရှိရသေးသော်လည်း အရေးပါ သည့် အရိုးအစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ဒိုင်နိုဆော၏ အရွယ်အစားကို ခန့်မှန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
သိပ္ပံပညာရှင်များသည် ယင်းဒိုင်နိုဆောကို အာရှဒဏ္ဍာရီပုံပြင်များတွင် တွေ့ရသည့် မြွေနဂါးကြီးကိုအစွဲပြု၍ အမည်ပေးခဲ့ သည်။ အဆိုပါ သတ္တဝါကြီးသည် လွန်ခဲ့သော နှစ်ပေါင်း သန်း ၁၀၀ ကျော်ခန့် ခရီတာစီးယက်ခေတ်တွင် ရှင်သန်ခဲ့ပြီး သစ်ပင်မြင့်ပိုင်းရှိ သစ်ရွက်များကို အဓိကစားသုံးခဲ့သည်ဟု ယုံကြည်ထားသည်။ ဒိုင်နိုဆော၏ သက်ရှိ အရွယ်အစား ပုံသဏ္ဌာန်ကို ဘန်ကောက်ဒိုင်နိုဆောပြတိုက်တွင် ပြသထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ