ဆိုးလ် မေ ၁၅
ဂျပန်ဝန်ကြီးချုပ် တာကာအိချီ ဆာနာအဲသည် လာမည့်သီတင်းပတ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ကာ တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
တာကာအိချီ ဆာနာအဲသည် ၎င်း၏ နှစ်ရက်ကြာခရီးစဉ်အတွင်း လီဂျယ်မြောင်၏ ဇာတိမြို့ဖြစ်သည့် အန်ဒုံသို့ သွားရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက မေ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ခေါင်းဆောင် နှစ်ဦးသည် စီးပွားရေးနှင့် အများပြည်သူလုံခြုံရေးကဲ့သို့ နေ့စဉ်လူမှုဘဝနှင့် သက်ဆိုင်သည့်နယ်ပယ် များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို ဆွေးနွေးသွားမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ အခြေအနေအပါအဝင် အပြည်ပြည်ဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
ယခုတွေ့ဆုံမှုသည် ၂၀၂၆ ခုနှစ်အတွင်း ခေါင်းဆောင်နှစ်ဦး၏ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။ ဇန်နဝါရီလ အတွင်းက တောင်ကိုရီးယားသမ္မတသည် ဂျပန်ဝန်ကြီးချုပ်၏ ဇာတိဒေသဖြစ်သည့် နာရာခရိုင်သို့ သွားရောက်ခဲ့သည်။
အဆိုပါ သံတမန်ခရီးစဉ်သည် ခေါင်းဆောင်နှစ်ဦးအကြား ရင်းနှီးမှုနှင့် ယုံကြည်မှုကို ပိုမိုခိုင်မာစေကာ နှစ်နိုင်ငံ ဆက်ဆံရေး၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အုတ်မြစ်ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ