ချယ်ဆီးနှင့် မန်စီးတီးအသင်းတို့၏ အက်ဖ်အေဖလားပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို မေ ၁၆ ရက် ည ၈ နာရီခွဲ တွင် ဝင်ဘလေအားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွား မည်ဖြစ်သည်။
ချယ်ဆီးအသင်းသည် ဆီမီးဖိုင်နယ် တွင် လိဒ်စ်အသင်းကို အန်ဇိုဖာနန်ဒက်ဇ် ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်း လာသည့်အသင်းဖြစ်သည်။ ပရီမီယာ လိဂ်တွင် ပုံမှန်ခြေစွမ်းပြသရန် ရုန်းကန် နေရသော ချယ်ဆီးအသင်းသည် အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို (၁၇) ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ချယ်ဆီးအသင်းသည် အက်ဖ်အေဖလားကို ၂၀၁၇-၂၀၁၈ ခုနှစ်က မန်ယူအသင်းကို အီဒင်ဟာ ဇက်ဇ်၏ တစ်လုံးတည်းသော သွင်းဂိုး ဖြင့် နိုင်ပွဲရရှိကာ နောက်ဆုံးအကြိမ် ဆွတ်ခူးထားသည်။
ဗိုလ်လုပွဲကို (၁၅) ကြိမ်မြောက် တက်လှမ်းလာသော မန်စီးတီးအသင်း သည် အက်ဖ်အေဖလားကို ၂၀၂၂- ၂၀၂၃ ခုနှစ်က နောက်ဆုံးဆွတ်ခူးရရှိ ထားသည်။ အက်ဖ်အေဖလားပြိုင်ပွဲ၌ ချယ်ဆီးနှင့် မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှု ခြောက်ကြိမ်တွင် မန်စီးတီးအသင်းက အသာရထားပြီး လေးကြိမ်အထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားသည်။ ထို့ကြောင့် ချယ်ဆီးအသင်းသည် အက်ဖ်အေဖလားပြိုင်ပွဲတွင် မန်စီးတီးအသင်းနှင့် တွေ့ဆုံတိုင်းရလဒ်ဆိုးရွားမှုကို ချေဖျက်ကာ နိုင်ပွဲရလဒ်ဖော်ဆောင်ပြီး အက်ဖ်အေဖလားကို ကိုးကြိမ်မြောက် ဆွတ်ခူးရရှိသွားမည်လား စိတ်ဝင်စားဖွယ် စောင့်ကြည့် ရမည်ဖြစ်သည်။
အောင်ဇော်