မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုမှသည် နိုင်ငံ့စီးပွားတိုးတက်ရေးဆီသို့

Type
+6+

 

ဗညားဦး

မွန်ပြည်နယ် မုဒုံမြို့ရှိ ဦးမောင်မောင်လွင်၏ ရော်ဘာခြံအတွင်း ပင်စည်လုံးပတ် လက်မ ၂၀ ကျော် ရော်ဘာပင်များက စီစီရီရီ ရှင်သန်ဖြစ်ထွန်းနေသည်။ တစ်ရက်ခြစ် တစ်ရက်နားစနစ်၊ တစ်ရက်ခြစ် နှစ်ရက်နားစနစ်တို့ဖြင့် ရော်ဘာအစေးခြစ်နေပြီဖြစ်၍ ဝင်ငွေရရှိနေပြီလည်းဖြစ်သည်။ အရည်အသွေးမြင့် ရော်ဘာရရှိစေရန်အတွက် အစေးစုစည်းသိမ်းဆည်းမှုကို သန့်စင်စနစ်ကျစေရန် ဦးမောင်မောင်လွင်ဦးစီးသော ခြံလုပ်သားအဖွဲ့က တက်ညီလက်ညီ လုပ်ဆောင်နေကြသည်။

“ကျွန်တော်က ရော်ဘာဧက ၂၀ စိုက်ပျိုးထားပါတယ်။ အခု အစေးခြစ်နေရပြီဖြစ်တဲ့အတွက် ဝင်ငွေရရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်အပါအဝင် ကျွန်တော့်ခြံက လုပ်သားတွေဟာ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲကဖွင့်လှစ်တဲ့ ရော်ဘာအစေးခြစ် သင်တန်းတွေ တက်ရောက်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် သင်တန်းကသင်ကြားပေးတဲ့ အစေးခြစ်နည်းစနစ်တွေအတိုင်း အစေးခြစ်လုပ်ငန်းကို စနစ်တကျဆောင်ရွက်ပါတယ်”ဟု ဦးမောင်မောင်လွင်ကပြောသည်။

အပူချိန်မြင့်မားပါက အစေးထွက်နှုန်းလျော့ကျနိုင်သည့်အတွက် အလင်းရောင်မလာမီအချိန်တွင် အစေးခြစ်လုပ်ငန်းကို အားစိုက်လုပ်ဆောင်ကြသည်။ အစေးခြစ်လုပ်ငန်းစဉ်တွင် အသုံးပြုသည့်ခွက်များ၊ ပုံးများက သန့်စင်မှုရှိရပြီး လုပ်ငန်းခွင်တွင် အသုံးပြုရသည့် အစေးခြစ် ဓား၊ ဇွန်း၊ အစေးခံခွက်၊ ချိတ်၊ ကြိုး၊ ပလိုင်း၊ ခေါင်းမီး၊ ထမ်းတံပိုးနှင့် ရေပုံးများကို ပြည့်စုံအောင် ကြိုတင်စီမံ၍ လုပ်ငန်းခွင်ဝင်ရောက်ရသည်။

မွန်ပြည်နယ်သည် ရော်ဘာ တန်ချိန် ၁၂ သိန်းကျော် ထုတ်လုပ်လျက်ရှိ

မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၌ ရော်ဘာအများဆုံး စိုက်ပျိုးသော ပြည်နယ်ဖြစ်ပြီး လက်ရှိတွင် ရော်ဘာစိုက်ဧက ငါးသိန်းကျော်ရှိကာ ရော်ဘာ တန်ချိန် ၁၂ သိန်းကျော် ထုတ်လုပ်လျက်ရှိသည်။ ပြည်နယ်အတွင်းမှ ထွက်ရှိသည့် ရော်ဘာ ၉၀ ရာခိုင် နှုန်းခန့်ကို နှစ်စဉ်ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပြီး ကျန်ရော်ဘာများ ပြည်တွင်းအသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများတွင် သုံးစွဲကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာအများအပြား စိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင်လည်း စိုက်ပျိုးသည်။ နိုင်ငံအတွင်းမှ ရော်ဘာထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး မလေးရှား၊ ကိုရီးယား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဗီယက်နမ်စသည့် နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရော်ဘာတန်ချိန် သုံးသိန်းခန့်တင်ပို့ရန် ရည်မှန်းထားပြီး ကုန်သွယ်ရေးဦးစီးဌာန၏ စာရင်းအရ ပြည်ပတင်ပို့နိုင်မှုအနေဖြင့် ရော်ဘာတန်ချိန် ၃၃၃၃၆၇ တန် (ပင်လယ်ရေကြောင်း + နယ်စပ်) ရှိခဲ့ကာ အမေရိကန် ဒေါ်လာသန်း ၅၁၉ ဒသမ ၈၃၉ ဝင်ငွေရရှိထား ပြီးဖြစ်ကြောင်း သိရသည်။

ရော်ဘာပင်သည် နှစ်ရှည်သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် အစေးထွက်နှုန်းကောင်းပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည့်မျိုးကို ရွေးချယ်စိုက်ပျိုးရန် အရေးကြီးသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ရော်ဘာကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပေးနိုင်ရန် ရည်မှန်းချက်များထားရှိပြီး အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက မြန်မာနိုင်ငံ၏ မိုးရွာသွန်းသောအခြေအနေအပေါ် အခြေခံ၍ စိုက်ပျိုးသင့်သည့် ရော်ဘာမျိုးများကို သုတေသနပြု စမ်းသပ်လေ့လာပြီး ဒေသအလိုက် စိုက်ပျိုးသင့်သည့် ရော်ဘာမျိုးများ၊ စိုက်ပျိုးနည်းစနစ်များကို ရော်ဘာစိုက်တောင်သူများထံ နည်းပညာပေးခြင်း၊ အသိပညာပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ မိုးရေချိန်လက်မ ၁၈၀ - ၂၀၀ မိုးများပြီး ခြောက်သွေ့သည့် တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်ပြည်နယ်တို့တွင် BPM – 24၊ RRIC – 100၊ RRIM – 717၊ PB – 260၊ PB – 235 ၊ မိုးရေချိန်လက်မ ၁၀၀ - ၁၂၀ မိုးအသင့်အတင့်ရှိပြီး ပူပြင်းခြောက်သွေ့သည့် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် PB – 260၊ RRIM – 717၊ PB – 235၊ RRIM – 623၊ GT - 1 ၊ မိုးရေချိန် လက်မ ၅၀ - ၆၀ မိုးနည်းပြီး အေးမြသည့် ကချင်၊ ရှမ်း တောင်တန်းဒေသများတွင် RRIM – 600၊ GT – 1၊ PR – 255၊ PR – 107၊ RRIM-623 တို့ကို စိုက်ပျိုးရန် စိုက်ပျိုးရေးဦးစီးဌာနက အကြံပြုထားသည်။

“၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ မြန်မာနိုင်ငံမှာ ရော်ဘာစိုက်ဧရိယာ စုစုပေါင်း ၁၆၄၁၄၇၄ ဧက ရှိလာပြီး အစေးခြစ်ဧရိယာ စုစုပေါင်း ၁၀၆၅၁၅၇ ဧကကနေ ရော်ဘာတန်ချိန် သုံးသိန်းငါးသောင်းကျော် ၃၅၂၈၈၈ ဒသမ ၆၃ တန် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လက်ရှိ စိုက်ပျိုးဧရိယာတွေက နှစ် ၃၀ ကျော် ရှိ စီးပွားရေးသက်တမ်းလွန်ပင်အိုတွေကို “စံ” သတ်မှတ်ချက် (SOPs) နဲ့အညီ ခုတ်လှဲပြီး ဌာနက ထောက်ခံထားတဲ့ အထွက်ကောင်း၊ အရည်အသွေး ကောင်း ရော်ဘာမျိုးတွေနဲ့ အစားထိုးစိုက်ပျိုးသွားဖို့ စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမြတ်သူက ပြောသည်။

ရော်ဘာသည် အခြားရာသီပေါ် သီးနှံနှင့်မတူဘဲ ကာလရှည် ငွေကြေးရင်းနှီးမြှုပ်နှံကာ ရေရည်ရင်းနှီးရသည့်အတွက် စရိတ်ကုန်ကျမှုရှိသည်။ သို့သော် တစ်ကြိမ်စိုက်ပျိုးရုံမျှဖြင့် နှစ် ၃၀အထိ အကျိုအမြတ်ခံစားခွင့်ရရှိနိုင်သည့် သီးနှံလည်းဖြစ်သည်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်ရာတွင် အစေးရည်အပျစ် (Rubber Concentrated Latex)၊ မှိုင်းခံရော်ဘာ (Ribbed Smoked Sheet–RSS) နှင့် Technically Specified Rubber (TSR) ဟူ၍ အမျိုးအစားသုံးမျိုး ထုတ်လုပ်ကြပြီး မြန်မာနိုင်ငံတွင် RSS နှင့် TSR နှစ်မျိုးဖြင့် ရော်ဘာထုတ်လုပ်လျက်ရှိသည်။ ယခု အခါ Myanmar Standard Rubber – MSR များဖြစ်သည့် MSR-5၊ MSR-10၊ MSR-20 တို့ကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့လျက်ရှိကြောင်း သိရသည်။

နှစ်ရှည်သီးနှံဌာနခွဲရှိ သဘာဝရော်ဘာစမ်းသပ်ဓာတ်ခွဲခန်းသည် အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုရေးစင်တာ၊ အရည်အသွေးနှင့် အသိအမှတ်ပြုဌာန (Center for International Accreditation–CIA ၊ Quality and Accreditation Institute-QAI) မှ ပေးအပ်သည့် စမ်းသပ်စစ်ဆေး ခြင်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ISO/IEC 17025:2017 ရရှိထားပြီး နိုင်ငံခြားတင်ပို့မည့် RSS၊ TSR ရော်ဘာများ၏ ဓာတု၊ ရူပစစ်ဆေးချက်များကို ထုတ်ပေးလျက်ရှိသည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ RSS စက်ရုံ၊ TSR စက်ရုံ၊ ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းစက်ရုံများ၊ ပြင်ပတင်ပို့ ရော်ဘာများအား ရော်ဘာအရည်အသွေးစစ်ဆေးနိုင်ရန် အထောက်အကူပြုလျက်ရှိသည်။

ထို့ပြင် နှစ်ရှည်သီးနှံဌာနခွဲအနေဖြင့် ယနေ့ခေတ်စားလာသည့် ရော်ဘာအစေးနှင့် သစ်ထွက်ကောင်းသော Latex Timber Clone များကို ဆက်လက်ထောက်ခံပေးနိုင်ရန်အတွက် သုတေသနများ လုပ်ဆောင်လျက်ရှိသည်။ ရော်ဘာမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး ရော်ဘာပင်အိုခုတ်လှဲ၍ ပြန်လည်စိုက်ပျိုးမည့် တောင်သူများအား ရော်ဘာသစ်စက်ရုံနှင့် ပူးပေါင်းကာ ရော်ဘာမျိုးကောင်းမျိုးသန့်များကို သက်သာသောဈေးနှုန်းဖြင့် နှစ်ရှည်သီးနှံဌာနခွဲက ဖြန့်ဖြူးထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

သဘာဝရော်ဘာထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်

ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်လာကြပြီး ကမ္ဘာ့တာယာကုမ္ပဏီကြီးများက တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရေရှည်တည်တံ့သော သဘာဝရော်ဘာထုတ်လုပ်ရေး (Sustainable Natural Rubber-SNR) လမ်းကြောင်းကို ဆောင်ရွက်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း သဘာဝရော်ဘာထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်းအဖွဲ့များဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (International Rubber Research and Develop-ment Board-IRRDB) သို့ ၂၀၁၈ ခုနှစ်တွင်လည်းကောင်း၊ သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်သော နိုင်ငံများအသင်း (Association of Natural Rubber Producing Countries-ANRPC) သို့ ၂၀၁၈ ခုနှစ်တွင်လည်းကောင်း အဖွဲ့ဝင်အဖြစ်ဝင်ရောက်ထားပြီး သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

IRRDB အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းပြီး ၂၀၁၆ ခုနှစ်မှစတင်၍ ရော်ဘာမျိုးသစ် ၃၁ မျိုးအား ပြည်တွင်းသို့ တင်သွင်းကာ စမ်းသပ်သုတေသနပြု စိုက်ပျိုးလျက်ရှိသည်။ ထို့အတူ ANRPC နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ရေရှည်တည်တံ့သော သဘာဝရော်ဘာထုတ်လုပ်ရေး လမ်းညွှန် (Sustainable Natural Rubber-SNR) မူကြမ်းကို ရေးဆွဲထားပြီးဖြစ်သည်။

သဘာဝရော်ဘာ အဓိကစိုက်ပျိုးထုတ်လုပ်သူများဖြစ်သည့် ခြံငယ်ရှင်များ နည်းစနစ်မှန်ကန်စွာ အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း ရော်ဘာများထုတ်လုပ်နိုင်ရန်၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်းများကြောင့် သဘာဝသစ်တောများ ပြုန်းတီးယိုယွင်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များ ပျက်စီးဆုံးရှုံးခြင်းများမရှိစေရန်၊ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်နေသော လူမှုဘဝများကောင်းမွန်လုံခြုံမှုရှိစေရန်နှင့် ကွင်းဆက်တစ်လျှောက် ရော်ဘာလုပ်ငန်းများ ဥပဒေနှင့်အညီ နောက်ခံသတင်းအချက်အလက်များ ချိတ်ဆက်ခြေရာခံနိုင်မှုနှင့် ပွင့်လင်းမြင်သာမှုရှိပြီး မှန်ကန်မျှတသည့် သဘာဝရော်ဘာဈေးကွက်ကို ကျင့်သုံးနိုင်ရန် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်သည်။

“ရော်ဘာစိုက်ပျိုးသူတောင်သူတွေ ဝင်ငွေတိုးတက်ဖို့နဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ဖို့၊ ဈေးကွက်ဝင် ရော်ဘာ တိုးချဲ့စိုက်ပျိုးနိုင်ဖို့၊ ပင်အိုအစားထိုး စိုက်ပျိုးနိုင်ဖို့ ရာသီဥတု ရေမြေဒေသနဲ့ကိုက်ညီတဲ့ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့် မျိုးစေ့တွေ ထုတ်လုပ်ဖြန့်ဖြူးပေးတာ၊ ပုဂ္ဂလိကကဏ္ဍက ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ နည်းပညာပေးပြီး ပူးပေါင်းကူညီဆောင်ရွက်ပေးတာ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု မြင့်မားဖို့နဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေးပြည့်ဝတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေ တိုးတက်ထုတ်လုပ်နိုင်ဖို့အတွက် သုတေသနလုပ်ငန်းတွေ စဉ်ဆက်မပြတ်ဆောင်ရွက်တာ၊ ရော်ဘာသီးနှံ စိုက်ပျိုးခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းတွေ တိုးတက်အောင်ဆောင်ရွက်တာ၊ စိုက်ပျိုးပညာပေးရေးလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်တာစသဖြင့် မြန်မာ့ရော်ဘာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဌာနကဖော်ဆောင်လျက်ရှိပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာမြတ်သူက ရှင်းပြသည်။

ရော်ဘာစိုက်ပျိုးရေးတွင် ခြံငယ်များသည် အဓိကကျသည့်နေရာမှ ပါဝင်

ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းငယ်များက ရော်ဘာထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများတွင် ပါဝင်နေသည်။ ထို့အတွက် ၉၀ ရာခိုင်နှုန်းကျော်ရှိသည့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် MSME လုပ်ငန်းများတိုးတက်ဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ရော်ဘာစိုက်ပျိုးရေးတွင် ခြံငယ်များသည် အဓိကကျသည့်နေရာမှ ပါဝင်နေပြီး စိုက်ပျိုး ဧရိယာ ၅ ဧကအောက် ၁၁ ဒသမ ၁၀ ရာခိုင်နှုန်း၊ ၅ ဧကမှ ဧက ၂၀ အကြား ၃၇ ဒသမ ၇၆ ရာခိုင်နှုန်း၊ ဧက ၂၀ နှင့် ၅၀ အကြား ၂၀ ဒသမ ၅၀ ရာခိုင်နှုန်း တည်ရှိသည်။

အချို့သော ရော်ဘာစိုက်ပျိုးသူများက အရည်အသွေးမြင့်ရော်ဘာကို စိုက်ပျိုးထုတ်လုပ်နေသော်လည်း ဈေးကောင်းပေးဝယ်ယူမှုနည်းပါးပြီး အရည်အသွေးနိမ့်သော ရော်ဘာကို ဈေးနှိမ်ဝယ်ယူမှုများက များပြားနေသည်။ တစ်ဖက်မှလည်း ရော်ဘာခြံငယ်များသည် ဈေးကွက်မီ ရော်ဘာ၊ အရည်အသွေးကောင်း ရော်ဘာထုတ်လုပ်ရန် အခက်အခဲများ ရှိနေသည်။ ဓာတ်မြေဩဇာဈေးနှုန်းကြီးမားခြင်း၊ ကျွမ်းကျင်အစေးခြစ် လုပ်သားရှားပါးခြင်းတို့က ရော်ဘာထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသည်။ ထို့ပြင် အရည်အသွေးမပြည့်မီသော ပျိုးပင်ကို စိုက်ပျိုးခြင်းကြောင့် ရော်ဘာပင်ထိန်းသိမ်းကာလ (Immature Period)ကို ရှည်ကြာကာ အစေးခြစ်ချိန်တွင်လည်း တစ်ဧကတွင်ရှိရမည့် အပင်ဦးရေလျော့နည်းစေပြီး အထွက်နှုန်းလျော့ကျနိုင်သည်။

မြန်မာ့ရော်ဘာ အရည်အသွေးမြင့်မားလာစေရန်အတွက် BPM 24 နှင့် PB 260 ကဲ့သို့သော အထွက်နှုန်းကောင်းသည့် မျိုးသစ်များကို ပြောင်းလဲစိုက်ပျိုးရန် လိုအပ်သကဲ့သို့ ခေတ်မီရော်ဘာသန့်စင်စက်ရုံများ ပိုမိုပေါ်ပေါက်လာရန် လိုအပ်လျက်ရှိသည်။ ထို့ပြင် ပြည်တွင်း၌ ရော်ဘာအခြေခံသည့် တာယာနှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများဖွံ့ဖြိုးလာပါက ရော်ဘာကို ကုန်ကြမ်းအတိုင်း တင်ပို့ရခြင်းထက် ပိုမိုမြင့်မားသော တန်ဖိုးမြှင့် (Value-added) ဝင်ငွေများကို ရရှိနိုင်မည်ဖြစ်သည်။

မြန်မာ့ရော်ဘာကဏ္ဍသည် စနစ်တကျစီမံခန့်ခွဲပြီး နည်းပညာမြှင့်တင်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးကို များစွာအထောက်အကူပြုနိုင်မည့် “အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားသော စိုက်ပျိုးစီးပွားကဏ္ဍ” တစ်ခုဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်၏ ပံ့ပိုးကူညီမှုနှင့်အတူ မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သော ကျွမ်းကျင်ပညာရှင်များ၏ ပါဝင်မှု၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်ရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း၊ ပြည်တွင်းရှိ ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုးသူများ စုပေါင်းပါဝင်မှုတို့ဖြင့် မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုများမှ နိုင်ငံ့စီးပွား ဆပွားတိုးတက်မှုရရှိစေရေး ရည်ရွယ်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။