အိုပက်ပလက်စ် (OPEC+) နိုင်ငံများက ဇွန်လ၌ ရေနံစည် ၁၈၈၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်ရန်ဆုံးဖြတ်

 

 

ဗီယင်နာ မေ ၃

 

အိုပက် (OPEC) နှင့် မိတ်ဖက်နိုင်ငံများပါဝင်သော အိုပက်ပလက်စ် (OPEC+) အဖွဲ့ဝင် ခုနစ်နိုင်ငံက ဇွန်လမှစတင်၍ ရေနံထုတ်လုပ်မှုကို တစ်နေ့လျှင် ရေနံစည် ၁၈၈၀၀၀ အထိ တိုးမြှင့်ထုတ်လုပ် သွားမည်ဟု ကြေညာလိုက်ပြီး အဆိုပါ ဆုံးဖြတ်ချက်မှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မှုအပေါ် တုံ့ပြန် ဆောင်ရွက်ခြင်း တစ်ရပ်ဖြစ်ကြောင်း အိုပက်အဖွဲ့က မေ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ထုတ်လုပ်မှုတိုးမြှင့်မည့်နိုင်ငံများမှာ ဆော်ဒီ အာရေဗျ၊ ရုရှား၊ အီရတ်၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်ဂျီးရီးယားနှင့် အိုမန်တို့ဖြစ်ကြသည်။ ယင်း ဆုံးဖြတ်ချက်ကို မေ ၃ ရက်တွင် ပြုလုပ်သော အွန်လိုင်းအစည်းအဝေး၌ ကမ္ဘာ့ဈေးကွက် အခြေ အနေများနှင့် အနာဂတ်အလားအလာများကို သုံးသပ်ပြီးချမှတ်ခဲ့ခြင်းဖြစ်သည်။

 

၂၀၂၆ ခုနှစ် ဇွန်လမှစတင်၍ ရေနံတိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ပြီး ထိုသို့ တိုးမြှင့်ထုတ်လုပ်ခြင်းမှာ ၂၀၂၃ ခုနှစ် ဧပြီလတွင် သဘောတူညီထားသော ထုတ်လုပ်မှုလျှော့ချရေးမူဝါဒကိုချိန်ညှိရန် ကြိုးပမ်းမှုတစ်စိတ်တစ်ဒေသလည်း ဖြစ်သည်။ ထို့ပြင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အဖွဲ့ဝင် နိုင်ငံများအားလုံးက အပြည့်အဝလိုက်နာရန် ထပ်လောင်း အတည်ပြုခဲ့ကြပြီး ထုတ်လုပ်မှုအခြေအနေများကို ဝန်ကြီးအဆင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီက ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဆင်ဟွာ