တိုကျို မေ ၂
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အီဝါတဲခရိုင် အိုဆုချီမြို့တွင် တစ်ပတ်ကျော်ကြာ လောင်ကျွမ်းခဲ့သော တောမီးကို ယခုအခါ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။
ဧပြီ ၂၂ ရက်တွင် စတင် လောင်ကျွမ်းခဲ့သည့် တောမီးကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ် ကြောင်းနှင့် တောမီးထပ်မံ ဖြစ်ပွားနိုင်ခြေ လျော့နည်းသွားပြီဖြစ်ကြောင်း မေ ၂ ရက် မွန်းလွဲပိုင်းက မြို့တော်ဝန် ဟီရာနိုကိုဇိုက သတင်းထောက် များအား ပြောကြားခဲ့ခြင်းဖြစ်သည်။
တောမီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံစေတနာ့ဝန်ထမ်းများနှင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များအားလုံး ကို ကျေးဇူးတင်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။
အဆိုပါ တောမီးကြောင့် မြေဧက (ဟက်တာ) ၁၆၃၃ ခန့် လောင်ကျွမ်းခဲ့ပြီး ယင်းသည် မြို့၏ ၈ ရာခိုင်နှုန်းခန့်ရှိကြောင်း အာဏာပိုင်များက ဆိုသည်။ ထို့ပြင် အဆောက်အအုံ ရှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးသတ် သမားတစ်ဦး အပါအဝင် လူနှစ်ဦး အသေးစားဒဏ်ရာများ ရရှိခဲ့သည်။
တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံပြည်သူ ၃၂၅၇ ဦး (မြို့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်)ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ရပြီး ယခုအခါ အဆိုပါ အမိန့်များအားလုံးကို ဖယ်ရှားပေးခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် မီးပြန်လည်လောင်ကျွမ်းနိုင်ခြေ ရှိ/မရှိ စစ်ဆေးရန် ဝန်ထမ်း ၆၀၀ ခန့်ကို ဆက်လက်ဖြန့်ခွဲထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အင်န်အိတ်ချ်ကေ



