နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရေဆိုးသန့်စင်စက်ရုံနှင့် ရေသန့်စင်စက်ရုံ ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်  မေ  ၂

 

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ကော်မတီဝင်ဦးကျော်ကျော်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိ ရပ်ကွက်အတွင်းရှိ ရေဆိုးသန့်စင်စက်ရုံသို့ ရောက်ရှိစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ရေဆိုးသန့်စင်စက်ရုံလုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်က ရေဆိုးသန့်စင်စက်ရုံတွင် ကလိုရင်းခတ်သည့်ပမာဏကို လုံလောက်သည့်ပမာဏ ဖြစ်စေရေး စနစ်တကျဆောင်ရွက်ရန်၊ ထွက်ရှိလာသော သဘာဝမြေဩဇာများကိုလည်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနသို့ ချိတ်ဆက်ပေးဝေရန်၊ နေပြည်တော်သည် မြို့အင်္ဂါရပ်များနှင့်အညီ တစ်မြို့လုံး အတိုင်းအတာအနေဖြင့် ရေဆိုးသန့်စင်မှုကို ရာနှုန်းပြည့် လွှမ်းခြုံနိုင်အောင် ဆောင်ရွက်မည့် အစီအစဉ်အား ရေးဆွဲတင်ပြရန်၊ စက်ရုံပတ်ဝန်းကျင်သန့်ရှင်းရေး၊ အနံ့အသက်ထိန်းချုပ်ရေး၊ စက်ပစ္စည်းများ ပုံမှန်ထိန်းသိမ်းရေး၊ မှတ်တမ်းများ စနစ်တကျထားရှိရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးတို့အား အလေးထားဆောင်ရွက်ရန်နှင့် နောင်တွင် လုပ်ငန်းများတိုးချဲ့၍ ရေဆိုးသန့်စင်ပေးနိုင်ရေး အတွက် စက်ရုံ၏အားနည်းချက်၊ အားသာချက်များအပေါ် အခြေခံ၍ Master Plan လျာထား ရေးဆွဲတင်ပြရန်မှာကြားသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်ရှိ ရေသန့်စင်စက်ရုံ အမှတ်(၁)သို့ ရောက်ရှိစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က ယခုရေသန့်စင် စက်ရုံအမှတ် (၁)သည် နေပြည်တော် ရေပေးဝေရေးလုပ်ငန်း၏ ပမာဏအများဆုံးပေးဝေနေသော နေရာဖြစ်သည့်အတွက် ရေဖူလုံစွာပေးဝေ နိုင်ရေးအပြင် သောက်သုံးရေအရည်အသွေး အမြဲကောင်းမွန်အောင်ဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကိုပါ တစ်ပါတည်းအလေးထားဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုလျော့ကျစေသည့် ဆိုလာစနစ်တပ်ဆင်မှုကို အခြားရေပေးရေး နေရာများတွင်လည်း ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်