ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင် နေပြည်တော်စုရပ် ဗဟိုစခန်း(ရွာတော်)သို့ ရောက်ရှိ လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူရည်ချွန်များအား ရင်းရင်းနှီးနှီးကြိုဆို

 

 

နေပြည်တော် မေ ၂

 

ပြင်ဦးလွင်၊ အင်းလေး၊ နေပြည်တော်၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်စခန်းများသို့ လေ့လာရေး ခရီးသွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၉၆ ဦး၊ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၂ ဦး၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၃ ဦး၊ ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၉ ဦး၊ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူ ၂၉၁ ဦး စုစုပေါင်း လူရည်ချွန်ကျောင်းသား ကျောင်း သူ ၇၅၁ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၁၀၂ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ် ဗဟိုစခန်း (ရွာတော်)သို့ ရောက်ရှိကြသည်။

 

ထိုသို့ရောက်ရှိစဉ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ နေပြည်တော်ကောင်စီပညာရေးမှူး၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ စခန်းတာဝန်ခံများနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများက သပြေပန်းနှင့် စံပယ်ပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ကြပြီး အိုးစည်ဒိုးပတ် အကများဖြင့် ကြိုဆိုကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ကျန်းမာရေး စောင့်ရှောက်မှုဆေးခန်း၊ လူရည်ချွန်များကို ဧည့်ခံကျွေးမွေးမည့် စားရိပ်သာဆောင်များနှင့် အိပ်ဆောင် များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ ဆရာမများသည် နေပြည်တော်စုရပ် ဗဟိုစခန်း (ရွာတော်)၌ တည်းခိုကြပြီး ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို ကြသည်။

 

လူရည်ချွန် အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမ တန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ပြင်ဦးလွင် လူရည်ချွန်စခန်း၊ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် အင်းလေးလူရည်ချွန်စခန်း၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသာ ကျောင်းသူ များသည် ငွေဆောင်လူရည်ချွန်စခန်း၊ ဒွါဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် နေပြည်တော် လူရည်ချွန်စခန်း၊ ပထမနှစ်နှင့် ဒုတိယနှစ်လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ချောင်းသာလူရည်ချွန်စခန်းများသို့ လေ့လာရေးခရီး သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်