ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန် ဧပြီ ၂၉

မေ ၁၆ ရက်မှ ၂၃ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာ ပိုက်ကျော်ခြင်းအသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား သုံးမျိုးပါဝင်မည်ဖြစ်ပြီး မြန်မာပိုက်ကျော်ခြင်း အသင်းသည် လေးယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲနှင့် သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ သုံးမျိုးစလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာပိုက်ကျော် ခြင်း အသင်းသည် မတ်လလယ်ကတည်းက စတင်စခန်းဝင်လေ့ကျင့်ခဲ့ပြီး သင်္ကြန်ကာလအပြီးကျင်းပသည့် မြန်မာပလာဇာ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ကစားသမားများအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အင်အားကြီးအသင်း အများစုပါဝင်မည်ဖြစ်ပြီး မြန်မာပိုက်ကျော်ခြင်းအသင်းအနေဖြင့် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲအပြီး ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်မည့် မြန်မာပိုက်ကျော်ခြင်းအသင်းတွင် အုပ်ချုပ်သူ ဦးမြင့်လွင်ဌေး၊ နည်းပြ ဦးကျော်မင်းစိုး၊ ဦးအောင်မျိုးဆွေ၊ ကစားသမားများအဖြစ် ဇင်မင်းဦး၊ သန့်ဇင်ထွန်း၊ အောင်မျိုးကျော်၊ ချစ်လွန်းပို၊ ရှိန်းဝဏ္ဏဇော်၊ ရန်ပိုင်ဦး၊ မင်းသန့်သူ၊ ဟန်ဝင်းထွဋ်၊ ရဲထက်၊ အောင်အောင်၊ သက်ပိုင်စိုးနှင့် ရှင်းသန့်တို့ ပါဝင်ကြသည်။ မြန်မာပိုက်ကျော်ခြင်း အသင်းသည် လေးယောက်တွဲပြိုင်ပွဲတွင် ဇင်မင်းဦး၊ သန့်ဇင်ထွန်း၊ အောင်မျိုးကျော်၊ ချစ်လွန်းပို၊ ရှိန်းဝဏ္ဏဇော်၊ ရန်ပိုင်ဦး၊ သုံးယောက်တွဲ ပြိုင်ပွဲတွင် မင်းသန့်သူ၊  ဟန်ဝင်းထွဋ်၊ ရဲထက်၊ အောင်အောင်၊ သက်ပိုင်စိုးတို့ဖြင့် ယှဉ်ပြိုင်ရန် ရွေးချယ်ထားပြီး သုံးယောက်တွဲအသင်း လိုက်ပြိုင်ပွဲတွင်မူ ရွေးချယ်သွားသည့် ကစားသမား ၁၂ ဦး၏ ခြေစွမ်း အပေါ်မူတည်ပြီး ယှဉ်ပြိုင်စေမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MSTAF