ကျောင်းသားများပါဝင်သည့် နိုင်ငံတကာ အွန်လိုင်းလောင်းကစား ကွင်းဆက်တစ်ခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီး

 

ဂျကာတာ ဧပြီ ၂၉

အင်ဒိုနီးရှားနိုင်ငံ ဘာလီရဲတပ်ဖွဲ့ က ကမ္ဘောဒီးယားနိုင်ငံမှ ထိန်းချုပ်ထားသော နိုင်ငံတကာ အွန်လိုင်း လောင်းကစားကွန်ရက်တစ်ခုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ကျောင်းသားသုံးဦး အပါအဝင် သံသယရှိသူ လေးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများသည် အသက် ၂၂ နှစ်မှ ၃၁ နှစ်ကြားရှိ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ပြီး ယခင်က ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ဖူးကြောင်းသိရသည်။ ၎င်းတို့ လုပ်ကိုင်ခဲ့သည့် လောင်းကစားလုပ်ငန်းများ ပိတ်သိမ်းခံရပြီးနောက် ဘာလီသို့ ပြောင်းရွှေ့လာကြခြင်းဖြစ်ကြောင်း ဘာလီရဲတပ်ဖွဲ့၏ ဆိုက်ဘာရာဇဝတ်မှုဌာန ညွှန်ကြားရေးမှူး အက်ဇာရီကာနီယာဝမ်က ဧပြီ ၂၉ ရက်တွင် ဒေသဆိုင်ရာ မီဒီယာများ သို့ ပြောကြားခဲ့သည်။

ကျောင်းသားသုံးဦးသည် ဖုန်းမှတစ်ဆင့် ကြော်ငြာနှင့် ရောင်းချရေးအလုပ်များကို ဆောင်ရွက်ကာ တစ်နေ့လျှင် အင်ဒိုနီးရှားလူမျိုး ၄၀၀ ခန့်အထိ ဆက်သွယ်၍ လောင်းကစား အက်ပလီ ကေးရှင်းများတွင် စာရင်းသွင်းပါက ဆုငွေများ ရရှိနိုင်ကြောင်း ပြောဆိုကြော်ငြာခဲ့ကြသည်။ လေးဦးမြောက် သံသယရှိသူမှာ ဂျကာတာမြို့မှဖြစ်ပြီး ဖောက်သည်ဝန်ဆောင်မှု တာဝန်ယူကာ အသုံးပြုသူများ၏ မေးခွန်းများ ဖြေရှင်းပေးခြင်းနှင့် အကောင့်ဆိုင်ရာ ပြဿနာများကို ကူညီ ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ဝက်ဘ်ဆိုက်များတည်ထောင်ပြီး လောင်းကစားဝန်ဆောင်မှုများကို အွန်လိုင်းမှ လည်ပတ်ခဲ့၍ ငွေပေးချေမှုများကို အွန်လိုင်းဘဏ် အကောင့်များ အသုံးပြု၍ လုပ်ဆောင်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် အွန်လိုင်းစောင့်ကြည့်မှုများ ပြုလုပ်နေစဉ် အဆိုပါကွန်ရက်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဧပြီ ၁၂ ရက်တွင် ပြုလုပ်ခဲ့သော စီးနင်းဖမ်းဆီးမှုအတွင်း လက်ပ်တော့ ကွန်ပျူတာလေးလုံးနှင့် မိုဘိုင်းဖုန်း ငါးလုံးကို သိမ်းဆည်းရမိခဲ့သည်။ သံသယရှိသူများသည် ပြစ်မှုအရ ထောင်ဒဏ်ကိုးနှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

ဆင်ဟွာ