စတော့ဟုမ်း ဧပြီ ၂၇
ကမ္ဘာလုံးဆိုင်ရာ စစ်ရေးအသုံးစရိတ်သည် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံအထိ စံချိန်တင်ရောက်ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက် လာကြောင်း ဆွီဒင်နိုင်ငံအခြေစိုက် သုတေသန အင်စတီကျုတစ်ခုက ထုတ်ပြန်သည်။
ယင်းအသုံးစရိတ်ပမာဏသည် ကမ္ဘာလုံးဆိုင်ရာ စစ်ရေးအသုံးစရိတ် ၁၁ နှစ်ဆက်တိုက် တိုးမြင့်လာ ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်၏ ကမ္ဘာလုံးဆိုင်ရာ စစ်ရေး အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၈၇ ထရီလီယံအထိရှိခဲ့ကြောင်း စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျုက ပြောသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများအတွင်း၊ အထူးသဖြင့် ဥရောပဒေသရှိ နိုင်ငံများ၏ စစ်ရေးအသုံးစရိတ်များမှာ သိသာစွာမြင့်တက်လာပြီး စုစုပေါင်းအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၅၅၉ ဘီလီယံအထိ ရောက်ရှိလာခဲ့သည်။ ထို့အတူ ဂျာမနီနိုင်ငံ၏ စစ်ရေးအသုံးစရိတ်မှာ ၂၄ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၁၄ ဘီလီယံရှိခဲ့ပြီး စပိန်နိုင်ငံ၏ အသုံးစရိတ်မှာလည်း ၅၀ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုး မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၂ ဘီလီယံ ရှိခဲ့သည်။
ဂျပန်နိုင်ငံ၏ စစ်ရေးအသုံးစရိတ်မှာ ၉ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၂ ဘီလီယံသို့ ရောက်ရှိလာသည်။ အမေရိကန်ပြည်ထောင်စုသည် အမေရိကန် ဒေါ်လာ ၉၅၄ ဘီလီယံဖြင့် ကမ္ဘာ့အများဆုံးစစ်ရေးအသုံး စရိတ်အသုံးပြုသည့်နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေသော်လည်း ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။
ကမ္ဘာ့ဒုတိယစစ်ရေးအသုံးစရိတ် အများဆုံးအသုံးပြုသည့် တရုတ်နိုင်ငံ၏ အသုံးစရိတ်မှာလည်း ၇ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၃၃၆ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ



