ကမ္ဘောဒီးယားနိုင်ငံက ၂၀၃၀ ပြည့်နှစ်တွင် ဆေးလိပ်သောက်သုံးမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချရန်စီစဉ်

 

ဖနောင်ပင်  ဧပြီ  ၂၇

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၇-၂၀၃၀ အတွက် မဟာဗျူဟာသစ်တစ်ရပ်ကို ရေးဆွဲလျက်ရှိပြီး   ၂၀၃၀    ပြည့်နှစ်တွင်  ဆေးလိပ်သောက်သုံးမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်ရွယ်ထားကြောင်း  ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီး  ချီယန်းရာက ဧပြီ ၂၇ ရက်တွင် ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ လက်ရှိတွင် ဆေးလိပ်သောက်သုံးသူဦးရေ  ၁ ဒသမ ၆ သန်းခန့်ရှိသောကြောင့်    ဆေးရွက်ကြီးနှင့် ပတ်သက်သည့်ထုတ်ကုန်များကို ထိန်းချုပ်ရခြင်းဖြစ်ပြီး ယင်းမှာ   အသက်အိုးအိမ် နှင့် အနာဂတ်ကိုကာကွယ်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

ဆေးလိပ်သောက်ခြင်းကို လျှော့ချခြင်းသည် ကလေးများ၊ လူငယ်များ၊ အမျိုးသမီးများနှင့် ပြည်သူ လူထုတစ်ရပ်လုံးကို ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် အခြားမကူးစက်နိုင်သော ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်ခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ဆေးလိပ်သောက်ခြင်းကြောင့် နှစ်စဉ်  လူပေါင်း ၁၅၀၀၀ သေဆုံးနေရကြောင်း   ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။       

ဆင်ဟွာ