မောင်ပုည
ပဉ္စမသင်္ဂါယနာသမိုင်း မြန်မာနိုင်ငံသို့ ပထမသာသနာရောက်ရှိခြင်း
မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ရာဇာယတနသတ္တာဟအဖြစ် လင်းလွန်းပင်ရင်း၌ သီတင်းသုံးတော်မူစဉ် ဥက္ကလာမည်သော ဇနပုဒ်မှ တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင် နှစ်ယောက်တို့သည် ဘုရားပွင့်ရာ မဇ္ဈိမဒေသသို့ ကူးသန်းရောင်းဝယ်လာကြသည်။ ထိုညီနောင်တို့၏ ရှေးဘဝကဆွေမျိုးတော်စပ်ခဲ့ဖူးသော နတ်ကကိုယ်ထင်ပြ၍ လောက၌ ဘုရားရှင်ပွင့်တော်မူလာ ကြောင်းကို ပြောပြပြီးလျှင် သူတို့၌ပါလာသော မုန့်များကို ဆက်ကပ်လှူဒါန်းရန် တိုက်တွန်းသဖြင့် ဘုရားရှင်ထံသို့ ချဉ်းကပ်ကြ၍ပါလာသော မုန့်များကို လှူဒါန်းလေရာ မြတ်စွာဘုရားရှင်သည် စတုမဟာရာဇ်နတ်မင်းကြီးလေးပါး ဆက်ကပ်လှူဒါန်းသော သပိတ်တော်လေးလုံးကို အနားလေးရစ် ပါသော သပိတ်တစ်လုံးအဖြစ်ပြုပြီးလျှင် ထိုသပိတ်တော်ဖြင့် အလှူခံတော်မူခဲ့သည်။
တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့သည် မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးတော်မူသည်ကို ဖူးမြော်ကြည်ညိုပြီးနောက် “တပည့်တော်တို့သည် မြတ်စွာဘုရားနှင့် တရားတော်မြတ်ကို ဆည်းကပ် ကိုးကွယ်ပါ၏။ ယနေ့မှစ၍ ဥပါသကာအဖြစ် မှတ်တော်မူပါ”ဟု လျှောက်ကြလေသည်။ ထိုသို့ ဒွေဝါစိကသရဏဂုံကို ခံယူဆောက်တည်ပြီးနောက် “တပည့်တော်တို့အား အမြဲမပြတ် ဆည်းကပ်ကိုးကွယ် ပူဇော်ဖို့ရန် ပူဇော်ဖွယ်ဝတ္ထုတစ်ခုခုကို ကရုဏာရှေ့ထား ပေးသနားတော်မူပါဘုရား”ဟု လျှောက်ထားကြပြန်ရာ မြတ်စွာဘုရားရှင်က လက်ယာလက် တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်၍ ငြိကပ်ပါလာသော ဆံတော်ဓာတ်များကို ရှိခိုးပူဇော်နိုင်ရန် ကုန်သည်ညီနောင်တို့အား ချီးမြှင့်တော်မူလိုက်သည်။
ကုန်သည်ညီနောင်တို့လည်း ဆံတော်ဓာတ်တို့ကို ရရှိ၍ ဝမ်းမြောက်ဝမ်းသာစွာဖြင့် မိမိတို့နေထိုင်ရာ ဥက္ကလာပြည်၊ ပေါက္ခရဝတီမြို့သို့ ပြန်လည်ရောက်ရှိလျှင် ထိုဆံတော်ဓာတ်တို့ကို ရွှေကြုတ်အတွင်း ထည့်သွင်းဌာပနာကာ စေတီတည်ထားကိုးကွယ် ကြလေသည်။
ပဉ္စမသင်္ဂါယနာ ဒါယကာ မင်းတုန်းမင်း
ဘကြီးတော်မင်းနောက်တွင် သာယာဝတီမင်း နန်းတက်ခဲ့သည်။ သာယာဝတီမင်းနောက်တွင် ပုဂံမင်း၊ ပုဂံမင်းနောက်တွင် ကုန်းဘောင်မင်းဆက် ၁၀ ဆက်မြောက် မင်းတုန်းမင်းနန်းတက်ခဲ့သည်။ မင်းတုန်းမင်းသည် မင်းအဖြစ်သို့ရောက်သော် သာသနာတော်နှစ် ၂၄၀၃၊ ကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ခရစ်နှစ် ၁၈၅၇ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် မန္တလေးမြို့တော်သစ်တည်ထောင်ရန် မြေနေရာ၌ ရွှေထွန်၊ ငွေထွန်များဖြင့် မြေသန့်ခဲ့သည်။ ထိုသို့ မြို့တော်သစ် စတင်တည်ထောင်ရန် ဆောင်ရွက်စဉ် ကပင် သာသနာတော်ကို ကြည်ညိုမြတ်နိုးသော မင်းဖြစ်ရာ ရတနာပုံမန္တလေးမြို့တော်သစ် တည်ဆောက်ရေးတွင် မြို့တော်၊ ကျုံးတော်၊ စေတီတော်၊ သိမ်တော်၊ ကျောင်းတော်၊ ပိဋကတ်တိုက် တော်၊ သုဓမ္မာဇရပ်တော်အားဖြင့် ခုနစ်ဌာနကို တစ်ပြိုင်နက်တည်ထောင်ခဲ့သည်။ ဤခုနစ်ဌာနတွင် ငါးဌာနသည် သာသနာတော်အတွက်သာဖြစ်ရာ သာသနာတော်ကိုပါ အခိုင်အမာပန္နက်ချခဲ့သည်ဟု ဆိုထိုက်လှသည်။
ပိဋကတ်တော်ပေမူများကို ရှေးဦးစွာသန့်စင်ခြင်း
ရှမ်းကလေးကျွန်းဆရာတော် အရှင်နန္ဒကို ပုဂံမင်း၏ဆရာဖြစ်သော ဒုတိယဗားကရာသာသနာ ပိုင်ဆရာတော် အရှင်ပညာဇောတက “အမရပူရ၊ အင်းဝ၊ စစ်ကိုင်း သုံးနယ်မှထွက်စေ”ဟု နယ်နှင် သည်ကို မင်းတုန်းမင်းသားဘဝက သိရှိခဲ့သဖြင့် “လဇ္ဇီ၊ သီလဝန်ပုဂ္ဂိုလ်များ ညှဉ်းပန်းနှိပ်စက်ခံနေကြရ ခြင်းမျိုး ငါအထွတ်အမြတ်ရောက်က မဖြစ်စေရ၊ သာသနာတော်ကောင်းစေရန် လဇ္ဇီ၊ သီလဝန် ပညာဝန်ပုဂ္ဂိုလ်တို့အား ချီးမြှောက်အားပေးမည်” ဟု နှလုံးသွင်းရှိခဲ့သည့်အတိုင်းပင် မင်းတုန်းမင်းသည် သာသနာတော်အရေးကို အထူးပင်အလေးဂရုပြုခဲ့ပါသည်။
သာသနာတော်၏အသက်သည် ပရိယတ္တိပင်ဖြစ်၍ ပရိယတ္တိ၏အသက်သည် စင်ကြယ်သော ပိဋကတ်တော်များဖြစ်ရာ မင်းတုန်းမင်းကြီးသည် ရွှေဘိုမြို့မှ အမရပူရမြို့သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် မြန်မာသက္ကရာဇ် ၁၂၁၈ ခုနှစ်မှစ၍ ပေမူပိဋကတ်တော်များ အမှားအယွင်း၊ အတိမ်း အစောင်း၊ အကျအနမရှိစေရေး ကျမ်းဂန်တတ် ဆရာတော်ကြီးများကို ပင့်ဆောင်ကာ ပိဋကတ်ပေမူ များကို စင်ကြယ်စေရန် သုတ်သင်အတည်ပြုစေ တော်မူသည်။ သုတ်သင်ပြီးသည့် ပိဋကတ်တော် များကို ပေရွက်များပေါ်တွင် ထပ်မံရေးသားကာ သန့်စင်သော ပေမူပိဋကတ်တော်များရရှိရန် ရှေးဦးစွာ ဆောင်ရွက်ခဲ့သည်။
သုတ်သင်တည်းဖြတ်ပြင်ဆင်ပြီးသော ပိဋကတ်တော်များကို ရေးကူးရာတွင် ရွှေရေး၊ မင်ရေး၊ ကညစ်ရေး သုံးမျိုးဖြင့် ပေရွက်များပေါ်တွင် ရေးကူးခဲ့သည်။ ပိဋကတ်တော်များ ရေးကူးနေစဉ်တွင်လည်း အမှားအယွင်းအကျအပေါက် မရှိစေရေးအတွက် ဒက္ခိဏာရာမဘုရားကြီးတိုက်ဆရာတော် အရှင်ဇာဂရ၊ မြင်းဝန်တိုက်ဆရာတော် အရှင်သုမင်္ဂလနှင့် ဆီးပန်းနီ ဆရာတော် အရှင်နရိန္ဒတို့က ကြပ်မတ်ခဲ့ကြသည်။
အမှားအယွင်း လုံးဝကင်းစင်သော ပိဋကသုံးပုံ ပေမူများကို အမရပူရမြို့ ပိဋကတ်တိုက်၌ ထားရှိ ခဲ့ပြီး ရတနာပုံမန္တလေးမြို့သစ်ကို တည်ပြီးချိန်တွင် မန္တလေးတောင်ခြေ၌ တည်ဆောက်ခဲ့သော ပိဋကတ် တိုက်သို့ ပြောင်းရွှေ့သိမ်းဆည်းခဲ့ကြသည်။ ထိုသို့ သန့်စင်သော ပိဋကတ်ပေမူများရရှိရေး ဆောင်ရွက် ချက်သည် ပဉ္စမသင်္ဂါယနာတင်ရန် ရှေးဦးဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ပိဋကတ်ပေမူများထားရှိခဲ့သည့် မြို့တည်ခုနစ်ဌာနတွင်ပါဝင်သော ထိုပိဋကတ်တိုက်သည် ကျောက်တော်ကြီးဘုရား၏မြောက်ဘက်၊ မန္တလေးတောင်ခြေတွင် ရှိခဲ့သော်လည်း ယခုအခါ ပျက်စီးခဲ့ပြီဖြစ်သည်။
ပဉ္စမသင်္ဂါယနာတင်ရခြင်း၏ ရည်ရွယ်ချက်
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များ သန့်ရှင်းစင်ကြယ်စွာ တည်တံ့ ခိုင်မြဲစေရေးအတွက် အရှင်မဟာကဿပမထေရ်မြတ်ကြီး ဦးဆောင်တော်မူသော ပထမသင်္ဂါယနာ မှသည် မထေရ်မြတ်များအဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်လာတော်မူရာ သာသနာတော် နှစ် ၄၅၀ ပြည့်နှစ် သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ) မလယ ဇနပုဒ် အာလောကလိုဏ်ဂူ၌ ရဟန္တာအရှင် မြတ် ၅၀၀ တို့ စုပေါင်းရွတ်ဆို အတည်ပြုတော်မူကာ ပေထက်အက္ခရာတင်ခဲ့သော စတုတ္ထသင်္ဂါယနာသည် နောက်ဆုံးအကြိမ်တင်ခဲ့သော ထေရဝါဒသင်္ဂါယနာ ဖြစ်သည်။ ထိုသို့ နောက်ဆုံးသင်္ဂါယနာတင်ပြီးသည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာခဲ့ပြီဖြစ်၍ ခေတ်အဆက်ဆက် ပေရွက်များပေါ်တွင် ရေးသားမှတ်တမ်းတင်ထားသည့် ပိဋကတ်တော်များသည် ရာသီဥတုနှင့် ပိုးမွှားများကြောင့် ပျက်စီးလာခဲ့သည်။ ထို့အပြင် ဆရာတပည့်အဆင့်ဆင့် အစဉ်အဆက် လက်ဆင့်ကမ်းကာရေးကူးခဲ့ကြသော ပေစာများ၏ စာသားအချို့တွင် မူကွဲများ၊ အကျအပေါက်များ ရှိလာရာ ဘုရားရှင်၏တရားတော်များ သန့်ရှင်းစင်ကြယ်စွာ တည်တံ့ခိုင်မြဲစေရန်နှင့် မူလမပျက် မှန်ကန်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ် ၍ ပဉ္စမသင်္ဂါယနာတင်ရန် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ကျောက်ထက်အက္ခရာတင်ခြင်း(သေလက္ခရာရုဠှ)ပဉ္စမသင်္ဂါယနာ
မင်းတုန်းမင်းသည် သာသနာတော်နှစ် ၂၄ဝ၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် အမရပူရ မြို့တော်မှ ရွှေ့ပြောင်း၍ မန္တလေးမြို့တော်ကို တည်ထောင်ပြောင်းရွှေ့နန်းစံပြီးနောက် ပဉ္စမ သင်္ဂါယနာကို တင်နိုင်ရန် ဆောင်ရွက်ခဲ့သည်။ ပဉ္စမသင်္ဂါယနာတင်ပွဲကို သက္ကရာဇ် ၁၂၂၂ ခုနှစ်မှ စတင်ခဲ့ပြီး ဘုရားရှင်၏တရားတော်များ ကမ္ဘာတည် သရွေ့ တည်ရှိနေမည့် သေလက္ခရာရုဠှခေါ် ပိဋကတ် တော်များ ကျောက်ထက်အက္ခရာတင်ခြင်း သမိုင်းဝင်လုပ်ငန်းကြီးကို စတင်ဆောင်ရွက်ခဲ့သည်။ မင်းတုန်းမင်းကြီးသည် မန္တလေးမြို့မြောက်ဘက်ရှိ စကျင်တောင်မှ သလင်းကျောက်ဖြူများကို ချဆောင်ချောမောစေ၍ သက္ကရာဇ် ၁၂၂၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့မှစတင်ကာ ပိဋကသုံးပုံပေမူများကို ထိုစကျင်ကျောက်ချပ်များပေါ်တွင် ရေးကူးစေသည်။
မုခါရုဠှပဉ္စမသင်္ဂါယနာ
ပဉ္စမသင်္ဂါယနာကို ကျောက်ထက်အက္ခရာတင်၍သာ သင်္ဂါယနာတင်ခဲ့သည်မဟုတ်ပေ။ ဘုရားဟောပိဋကတ်တော်များကို နှုတ်ဖြင့် စုပေါင်းရွတ်ဆိုအတည်ပြု၍ သင်္ဂါယနာတင်ခြင်းကို ရွှေနန်း ပြာသာဒ်တော်တွင် ဒက္ခိဏာရာမဘုရားကြီးတိုက် ဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု (တောင်တော်မိဖုရားကြီး၏ ဆရာတော်)က ဦးဆောင်လျက် ရဟန်းတော်အပါး ၂၄၀၀ တို့ဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုသို့ နှုတ်ဖြင့် ရွတ်ဆို သင်္ဂါယနာတင်ခြင်းသည် “ငါးလ၊ သုံးရက်” ကြာမြင့်ခဲ့သည်။ ဤပဉ္စမသင်္ဂါယနာတင်ပွဲကြီးကို ကျင်းပရာတွင် သံဃာတော်ထု၊ မင်းစိုးရာဇာထုနှင့် ပြည်သူလူထုဟူသော ထုသုံးထုပူးပေါင်းကာ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
ရေးထိုးသောကျောက်စာများ
ကျောက်စာများကို ရေးထိုးရာတွင် ပိဋကတ်တော်အလိုက်ရေးထိုးရာ ဝိနည်းငါးကျမ်း ကျောက်ချပ်ရေ–၁၁၁၊ အဘိဓမ္မာ ခုနစ်ကျမ်း ကျောက်ချပ်ရေ–၂ဝ၈၊ နိကာယ် ငါးရပ် ကျောက်ချပ် ရေ–၄၁၀ စုစုပေါင်းအားဖြင့် ကျောက်စာတော် အချပ်ရေပေါင်း ၇၂၉ ချပ်တို့ဖြစ်သည်။ သက္ကရာဇ် ၁၂၂၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့တွင် စတင်ခဲ့သော ကျောက်ထက်အက္ခရာတင်ခြင်းသည် သက္ကရာဇ် ၁၂၃ဝ ပြည့်နှစ်၊ ကဆုန်လဆန်း ၁၄ ရက်နေ့ တွင် ပြီးစီးအောင်မြင်ခဲ့သဖြင့် “ခုနစ်နှစ်၊ ခြောက်လ၊ ၁၄ ရက်” ကြာမြင့်ခဲ့သည်။ ထိုသို့လျှင် မင်းတုန်းမင်းကြီး ၏ကောင်းမှု ပဉ္စမသင်္ဂါယနာတင် ကုသိုလ်တော် ကျောက်စာများကို ၂၀၁၃ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့ပြီး မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားဝင်းအတွင်း၌ လေ့လာနိုင်ပါသည်။
- Log in to post comments



