နယူးဒေလီ ဧပြီ ၂၆
အိန္ဒိယနိုင်ငံ နယူးဒေလီရှိ အင်ဒရာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာသည့် ဆွစ်အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် လေဆိပ်မှထွက်ခွာစဉ် ပြေးလမ်းပေါ်၌ အင်ဂျင်မီးလောင်ခဲ့၍ ခရီးသည်ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေယာဉ်ပြေးဆွဲမှု ရပ်နားခဲ့ရကြောင်း ၎င်းလေဆိပ်၏ ဧပြီ ၂၆ရက် ထုတ်ပြန်ချက်အရ သိရသည်။
ခရီးသည်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ခရီးသည် ၂၃၂ ဦး တင်ဆောင်ထားသည့် ၎င်းလေယာဉ်သည် နယူးဒေလီမှ ဇူးရစ်မြို့သို့ ထွက်ခွာခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး ၎င်းလေဆိပ်တွင် အရေးပေါ် အခြေအနေကြေညာခဲ့သည်။
၎င်းလေယာဉ်သည် အဲဘတ်အေ ၃၃၀ အမျိုးအစားဖြစ်ကာ ပြေးလမ်းပေါ်တွင် အင်ဂျင်မီးလောင်ခဲ့ပြီးနောက် လေယာဉ်အမှုထမ်းများက လေယာဉ်နှင့်ခရီးသည်များ ဘေးကင်းရေးအတွက် လိုအပ်သည်များ မြန်ဆန်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ



