ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သာကေတ(သွားနှင့်ခံတွင်းအထူးကုဆေးရုံ)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

 

ရန်ကုန် ဧပြီ ၂၆

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတ(သွားနှင့် ခံတွင်း အထူးကုဆေးရုံ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သာကေတ (သွားနှင့် ခံတွင်း အထူးကုဆေးရုံ)တွင် ပိတ်ရက်မရှိ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား တိုက်ရိုက် အကျိုးခံစားခွင့် ရရှိအောင် ဆောင်ရွက်ပေးနေသည့် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ၊ ဆေးကုသခန်းများ၊ သွားတုပြုလုပ်သည့်ဌာနများနှင့် ဓာတ်ခွဲခန်းများ၊ Digital Dentistry လုပ်ငန်း ဆောင်ရွက်နေမှုများ၊ သာကေတ အထူးကုဆေးရုံတွင် အရေးပေါ်ဆေးကုသမှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင် ရေးအခြေအနေ၊ သာကေတ၊ ဒေသန္တရ ကျန်းမာရေးဌာန၌ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ပေးနိုင်ရေး တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ မြို့နယ် ကုသရေးဦးစီးဌာနမှူးနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက မျှော်မှန်း လူ့သက်တမ်း တိုးမြှင့်လာစေရေး နှင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက် မှု(UHC)ရရှိရေး မြို့နယ်အတွင်း ဆောက်ရွက်လျက်ရှိသည့် ကာကွယ်ဆေးထိုး လုပ်ငန်းများ၊ ကိုယ်ဝန်ဆောင် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ၊ ဆေးကုသမှုလုပ်ငန်း များနှင့်ပတ်သက်၍ ပြည်သူလူထု တိုက်ရိုက်အကျိုးကျေးဇူး ရရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများအတွက် နိုင်ငံတော်က လစာအပြင် ထပ်ဆောင်း ချီးမြှင့်ငွေများ ထောက်ပံ့ပေးနေမှု၊ ဆောက်လုပ်ဆဲ ဆေးရုံအဆောက် အအုံသစ်အား စံချိန်စံညွှန်းများနှင့် အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးတို့ကို မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ ဆေးရုံ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ဆောက်လုပ်ပြီးစီးသည့် တိုးချဲ့ နှစ်ထပ်ဆေးကုသဆောင် သစ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်