မေဦးမိုး
နေ့စဉ်လှုပ်ရှားရုန်းကန်ရတဲ့ ပြည်သူအများစုအတွက် နံနက်ခင်းအိပ်ရာနိုးနိုးချင်း နွားနို့တစ်ခွက် သောက်ဖြစ်ဖို့ ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး။ မြို့ကြီးပြကြီးတွေမှာတောင် သန့်သန့်ရှင်းရှင်းနဲ့ အာဟာရပြည့် နွားနို့ တစ်ခွက်ရဖို့ ခက်ပါတယ်။ ရံဖန်ရံခါ ဒါမှမဟုတ် အားနည်းနေတယ်လို့ ခံစားရတဲ့အချိန်တွေမှာ အာဟာရ အတွက် နွားနို့တစ်ခွက်သောက်ကြည့်ဖို့ လူတိုင်းကြိုးစားဖူးကြပါလိမ့်မယ်။ နွားနို့သောက်ရင်း တစ်ခါတလေ တော့ မေးခွန်းတစ်ခုလည်း ပေါ်လာနိုင်ပါသေးတယ်။ ဒီနွားနို့က ဘာတွေကောင်းကျိုးပေးသလဲ၊ ဘယ်လို နွားတွေကနေ နွားနို့ရသလဲ။
နွားနို့ဟာ လူ့အာဟာရအတွက်အရေးကြီးတဲ့ အစားအစာတစ်ခုဖြစ်ပြီး ကယ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် B12 စတဲ့ အာဟာရဓာတ်တွေကြောင့် အရိုးခိုင်မာရေးနဲ့ ကိုယ်ခံအားဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေလို့ လူ့ခန္ဓာကိုယ်အတွက် အပြည့်စုံဆုံး သဘာဝအစားအစာ (Natural Food) တစ်ခုလို့တောင် ခေါ်နိုင်ပါတယ်။ နို့ထဲက ကယ်ဆီယမ်က အရိုးနဲ့သွားတွေကို ခိုင်မာစေသလို ပရိုတင်းက ကြွက်သားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေး တယ်။ ဗီတာမင် B12 လို အာဟာရဓာတ်တွေကလည်း အာရုံကြောစနစ်နဲ့ စွမ်းအင်ထုတ်လုပ်မှုအတွက် အရေးကြီးတယ်။ အထူးသဖြင့် ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးရာမှာ နို့ဟာ အခြေခံအာဟာရတစ်ခုဖြစ်ပြီး လူကြီးပိုင်းမှာလည်း အရိုးပျော့ခြင်း (Osteoporosis) လိုပြဿနာတွေကို လျော့နည်းစေရာမှာ အထောက်အကူ ဖြစ်တယ်လို့ WHO နဲ့ FAO ရဲ့ Nutrition Reports တွေမှာ ဖော်ပြထားပါတယ်။
နို့စားနွားမွေးမြူရေးကဏ္ဍ နည်းပါးနေဆဲဖြစ်
နို့စားနွားမွေးမြူရေးလုပ်ငန်းကို အများအားဖြင့် နွားမွေးတာ၊ နို့ထုတ်ယူပြီး ရောင်းတာလို့ ရိုးရိုးရှင်းရှင်း မြင်ကြပေမယ့် အမှန်တကယ်တော့ နို့စားနွားမွေးမြူတာဟာ အစာထောက်ပံ့မှု(Feed) ကနေစပြီး တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှု (Animal Health)၊ နို့ထုတ်လုပ်မှု (Milk Production)၊ ပြုပြင် ထုတ်လုပ်မှု (Processing)နဲ့ ဖြန့်ချိရေး(Distribu-tion )တွေအထိ ချိတ်ဆက်နေတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ နို့စားနွားမွေးမြူရေးကဏ္ဍဟာ ရှိသင့်တဲ့ ထုတ်လုပ်နိုင်မှုထက် နည်းပါးနေဆဲ ဖြစ်သလို ၂၀၂၃ ခုနှစ် အချက်အလက်များအရ နို့ထုတ်လုပ်မှု စုစုပေါင်းတန် ၄၂၀၀၀၀ ခန့်သာရှိပြီး နို့စားနွားကောင်ရေ ၇၂၂၄၄ ကောင်သာရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ တစ်နိုင်ငံလုံးရဲ့ ၅၅ ရာခိုင်နှုန်းခန့်ကို မွေးမြူထားတယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နွားနို့အတွက် နို့စားနွားမွေးမြူတဲ့ခြံတွေ အများအပြားရှိပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ နို့စားနွားကို လယ်ယာမြေထွန်ယက်ဖို့ အသုံးပြုတဲ့နွားတွေနဲ့ အတူတူ မွေးမြူ တတ်ကြပါတယ်။ စီးပွားဖြစ်မွေးမြူမှု အများအပြားကိုတော့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ကျောက်ဆည်၊ တံတားဦး၊ အမရပူရနဲ့ ပြင်ဦးလွင်တို့လို မြို့တွေမှာတွေ့ရပြီး နေပြည်တော်နဲ့ ရန်ကုန်မြို့အနီးတစ်ဝိုက် မှာလည်း တစ်ပိုင်တစ်နိုင် စီးပွားဖြစ်မွေးမြူမှုတွေ အတော်လေး များပြားလာပါတယ်။
ဒီဒေသတွေကတော့ မြန်မာနိုင်ငံမှာ နို့စားနွားမွေးမြူရေးရှည်ကြာခဲ့တဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ၁၉၇၈ ခုနှစ်ကတည်းက ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ ပြင်သစ်၊ နယ်သာလန်၊ သြစတြေးလျနိုင်ငံတွေကနေ ဖရေရှန်၊ ဂျာစီ၊ ဂွမ်စီ၊ အေးရှားရား၊ နော်ဝေဂျင်ရွက်အပါအဝင် နို့စားနွား ခုနစ်မျိုးကို စတင်မွေးမြူခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရှိရပါတယ်။ အခုအခါမှာတော့ အဓိကအားဖြင့် ဖရေရှန်နဲ့ ဂျာစီနို့စားနွားတွေကို အများဆုံးမွေးမြူလျက်ရှိပါတယ်။ ဒါပေမဲ့ အကောင်ရေအနည်းငယ်သာမွေးတဲ့ မွေးမြူရေး သမားတွေကတော့ နို့စားနွားဆိုတာ နိုင်ငံတကာက သိကြတဲ့ ဖရေရှန်လို နို့အထွက်များတဲ့ မျိုးစစ်စစ်တွေမဟုတ်ဘဲ ဒေသခံ Zebu နွားမျိုးတွေနဲ့ စပ်ထားပြီးမျိုးတွေကို အများဆုံးမြင်တွေ့ရမှာပါ။ မွေးမြူတဲ့ အခါမှာလည်း သမားရိုးကျ လွှတ်ကျောင်းစနစ်နဲ့ အဓိက မွေးမြူတဲ့ပုံစံမျိုးပါ။
ဖရေရှန်နဲ့ ဂျာစီ နို့စားနွားနှစ်မျိုးကို ဥပမာပြရရင် ဖရေရှန်တစ်ကောင်ဟာ တစ်နေ့ကို ပျမ်းမျှ နို့ ၁၀ ပိဿာ (၁၆ လီတာလောက်) ထွက်တယ်။ ဒါပေမဲ့ သူ့နို့မှာ အဆီဓာတ်က ၃ ဒသမ ၅ ရာခိုင် နှုန်းလောက်ပဲပါပြီး ဂျာစီကတော့ တစ်နေ့ကို နို့ ရှစ်ပိဿာ (၁၃ လီတာလောက်) ပဲထွက်ပေမယ့် အဆီဓာတ်က ငါးရာခိုင်နှုန်းအထိ ပါဝင်တယ်။ နို့စားနွားတစ်ကောင်ကို တစ်နှစ်မှာ ရက် ၃၀၀ လောက် နို့ညှစ်လေ့ရှိပြီး တစ်ရက်ကို အနိမ့်ဆုံး ငါးပိဿာကနေ အမြင့်ဆုံး ၁၃ ပိဿာ (၂၁ လီတာ လောက်)အထိ ထွက်တတ်တယ်လို့ သိရပါတယ်။
အစာကျွေးပုံချင်းအတူတူပဲဆိုရင်တောင် မျိုးရိုးဗီဇချင်းမတူတဲ့အတွက် နို့ထွက်နှုန်းနဲ့ အရည်အသွေး ကွာသွားတာပါ။ ဒါကြောင့် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးဖို့အတွက် မျိုးဗီဇကောင်းတဲ့ နွားတွေကို မွေးမြူ ထုတ်လုပ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ နယူးဇီလန်နိုင်ငံမှာ ဖရေရှန်နဲ့ ဂျာစီကို မျိုးစပ်ပြီး “ကီဝီခရော့စ်” မျိုးစိတ်သစ်ကို ဖန်တီးခဲ့ရာ နို့ထွက်နှုန်းရော အရည်အသွေးပါ ကောင်းလာတယ်လို့ သိရ ပါတယ်။
ကမ္ဘာတစ်ဝန်း နို့ထုတ်လုပ်မှု
ကမ္ဘာတစ်ဝန်းမှာ နို့ထုတ်လုပ်မှုကို လေ့လာကြည့်ရင် FAO ရဲ့ ၂၀၂၃ ခုနှစ် စာရင်းအရ အိန္ဒိယနိုင်ငံဟာ တစ်နှစ်ကို တန်ချိန် သန်း ၂၃၀ ကျော်နဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။ အမေရိကန် ပြည်ထောင်စုက တန်ချိန် သန်း ၁၀၀ ဝန်းကျင်၊ ဥရောပသမဂ္ဂက တန်ချိန် သန်း ၁၅၀ ဝန်းကျင်ထုတ်လုပ် တယ်။ လူဦးရေသုံးသန်းလောက်ပဲရှိတဲ့ နယူးဇီလန်နိုင်ငံက နို့ထွက်ပစ္စည်းတင်ပို့မှုမှာ ကမ္ဘာ့အဆင့်ရှိတယ်။ ဒါတွေကို ကြည့်ပြီး မြန်မာနိုင်ငံရဲ့ နို့စားနွားမွေးမြူရေးအခြေအနေကို နှိုင်းယှဉ်ကြည့်ရင် မြန်မာနိုင်ငံက ဘယ်လောက်အထိ နောက်ကျနေတယ်ဆိုတာ သိသာပါလိမ့်မယ်။
ဒီနေရာမှာ တကယ့်လက်တွေ့ဘဝ နေပြည်တော် ဇေယျာသီရိမြို့နယ်က မွေးမြူရေးသမား ကိုသန်းဌေးရဲ့ အတွေ့အကြုံကို မျှဝေလိုပါတယ်။ သူဟာ နှစ်ပေါင်း ၂၀ ကျော် နို့စားနွားမွေးမြူခဲ့သူတစ်ယောက်ပါ။ သူ့မှာ နွားကိုးကောင်ရှိတယ်။ အစပိုင်းမှာ သူက နွားတွေကို မြက်ခင်းတွေမှာ လွှတ်ကျောင်းပြီး ကောက်ရိုးနဲ့ တစ်ခါတလေ ဖွဲနုကျွေးတယ်။ နွားတစ်ကောင်က တစ်နေ့ကို နို့သုံးလီတာလောက်ပဲရတယ်။ ပြောရရင် ရေသန့်ပုလင်း သုံးပုလင်းစာပဲ။ နောက်ပိုင်းမှာတော့ တောင်သူပညာပေးအစီအစဉ် တစ်ခုကနေ သင်ယူလိုက်ရတဲ့နည်းလမ်းတွေ ရှိတယ်။ သူကနေဗီယာမြက်ကို သီးသန့်စိုက်ပျိုးပြီး နွားတွေကို တင်းကုပ် ထဲမှာပဲ ထိန်းကျွေးတဲ့စနစ်ကို ပြောင်းလဲကျင့်သုံးတယ်။ နွားတွေအတွက် သန့်ရှင်းတဲ့ရေကိုလည်း ပုံမှန်ဖြည့်ဆည်းပေးတယ်။ ရလဒ်အနေနဲ့ သူ့နွားတွေရဲ့ နို့ထွက်နှုန်းဟာ တစ်နေ့ကို ငါးလီတာလောက်ကနေ ၁၀ လီတာလောက်အထိ တက်လာတယ်။ သူ့ဝင်ငွေကလည်း နှစ်ဆနီးပါး တိုးလာတယ်။ ဒါပေမဲ့ တစ်ပိုင်တစ်နိုင်မွေးသူတွေထဲမှာ ကိုသန်းဌေးလို သေသေချာချာစနစ်တကျနဲ့ လိုက်လုပ်တဲ့သူကတော့ အတော်လေးရှားမယ်လို့ ယူဆရပါတယ်။
မြန်မာနိုင်ငံရဲ့ နို့စားနွားမွေးမြူရေးကဏ္ဍဟာ စိန်ခေါ်မှုတွေ အများကြီးရှိနေပါသေးတယ်။ မွေးမြူ တဲ့နွားရဲ့ မျိုးဗီဇက မကောင်းတာ၊ အစာကျွေးမွေးမှုအားနည်းတာနဲ့ နည်းပညာအသုံးပြုမှုကလည်း အလွန်နည်းပါး နေသေးတယ်လို့ သိရပါတယ်။ အထူးသဖြင့် နို့စားနွားတစ်ကောင်အတွက် အစာ ကုန်ကျစရိတ်က နွားတန်ဖိုးရဲ့ ၇၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါကြောင့် နို့ဈေးနှုန်းတည်ငြိမ်ဖို့ဆိုတာ အစာစရိတ်ပေါ်မှာ အဓိကမူတည်နေ တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် ရောဂါကျရောက်မှုကလည်း ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်ပါတယ်။ နမူနာ ပြရရင် နို့အုံရောင်ရောဂါ (Mastitis) တစ်ခုတည်းကြောင့် မြန်မာနိုင်ငံရဲ့ နွားမွေးမြူရေးမှာ နှစ်စဉ် ကျပ်သန်း ၅၀၀ ခန့် ဆုံးရှုံးနေရတယ်လို့ သိရှိရပါတယ်။
ဒါတင်မကသေးပါဘူး၊ မြန်မာနိုင်ငံရဲ့ နို့ထွက်ပစ္စည်းစားသုံးမှုပမာဏဟာ အလွန်နည်းပါးနေပါ သေးတယ်။ FAO ရဲ့ ခန့်မှန်းချက်အရ မြန်မာလူမျိုးတစ်ဦးဟာ တစ်နှစ်ကို နို့နဲ့ နို့ထွက်ပစ္စည်း ကီလိုဂရမ် ၂၀ ကနေ ၂၅ ကီလိုဂရမ်အထိပဲ စားသုံးမယ်လို့ ခန့်မှန်းထားတာကို တွေ့ရှိရပါတယ်။ ဒါဟာ အာရှနိုင်ငံတွေရဲ့ ပျမ်းမျှအောက်၊ ဥရောပနဲ့ အမေရိကနိုင်ငံတွေရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတဲ့အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ မြို့ပြတွေမှာ တော့ လူလတ်တန်းစား တိုးပွားလာတာနဲ့အမျှ နို့နဲ့ ဒိန်ချဉ်၊ ရေခဲမုန့် စတာတွေရဲ့ စားသုံးမှုဟာ တဖြည်းဖြည်း တိုးလာနေတယ်။ ဒီလိုတိုးလာတဲ့ လိုအပ်ချက်ဟာ ပြည်တွင်းနို့လုပ်ငန်းအတွက် အခွင့်အလမ်းတစ်ခုဖြစ်သလို ပြည်ပကနေ နို့ထွက်ပစ္စည်းတွေ တင်သွင်းနေရမှုကိုလည်း လျှော့ချနိုင်တဲ့ အခွင့်အရေးတစ်ခုလို့ ဆိုနိုင်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ခန့် ကုန်ကျပြီး နို့ထွက်ပစ္စည်းတွေ ပြည်ပကနေ တင်သွင်းနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ နွားမွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက် နိုင်တဲ့ ရေခံမြေခံနဲ့ တိရစ္ဆာန်အစာတွေ လုံလောက်စွာ ရှိနေပြီးသားဆိုတာကို သတိပြုဖို့လိုပါတယ်။ အဓိက ကတော့ နည်းပညာအားဖြင့် မြင့်မားခြင်းမရှိသေးတဲ့ နို့ဆီနဲ့ နို့စိမ်းလိုမျိုး ထုတ်ကုန်တွေကို ပြည်တွင်းမှာ လုံလောက်အောင် ထုတ်နိုင်ရေးပဲ ဖြစ်ပါတယ်။
ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဖြေရှင်းနည်းတွေ အများကြီးရှိပါတယ်။ ပထမဆုံးအနေနဲ့ တောင်သူတွေ သမဝါယမအသင်းဖွဲ့စည်းပြီး အစာ၊ တိရစ္ဆာန်ဆေးဝါး၊ သွင်းအားစုတွေကို အစုလိုက် ဝယ်ယူတဲ့ အလေ့အထကို ပြုစုပျိုးထောင်သင့်ပါတယ်။ ဒီလိုလုပ်ရင် ကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ သက်သာ သွားနိုင်မယ်လို့ သမဝါယမဆိုင်ရာ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဒုတိယအနေနဲ့ မေထုန်မဲ့သားစပ် (Artificial Insemination) နည်းပညာကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး အပူပိုင်းဒေသတွေအတွက် သင့်တော်တဲ့ နို့စားနွား မျိုးတွေ ဖန်တီးပေးဖို့လိုအပ်ပါတယ်။ တတိယအနေနဲ့ နို့ကို ဒိန်ချဉ်၊ ဒိန်ခဲ၊ နို့ဆီ၊ နို့စိမ်း၊ ထောပတ်အဖြစ် ပြုပြင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ပိုမိုတိုးတက် ထုတ်လုပ်လာနိုင်ဖို့ ကြိုးပမ်းကြရမှာဖြစ်ပြီး နွားနို့သာမက ကျွဲနို့ကိုလည်း နို့ထွက်ပစ္စည်းအဖြစ် ထုတ်လုပ်နိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။
ထို့အတူ နည်းပညာအသုံးပြုမှုလည်း အရေးကြီးပါတယ်။ စိုက်ပျိုး၊ မွေးမြူရေးစစ်တမ်းတစ်ခုအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်းက လယ်သမား ၅၀၀ ကို စစ်တမ်းကောက်ကြည့်ရာမှာ မိုဘိုင်းဖုန်းကနေ နို့စျေးနှုန်း၊ ရာသီဥတုနဲ့ မွေးမြူရေးဆိုင်ရာ အကြံပြုချက်တွေကို ရယူသုံးစွဲနိုင်တဲ့သူတွေဟာ ဒီလိုမလုပ်တဲ့သူတွေထက် ဝင်ငွေ ၃၀ ရာနှုန်းခန့် ပိုရတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အခုနောက်ပိုင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ပတ်သက်တဲ့ အက်ပလီကေးရှင်းတွေ၊ သတင်းဌာနတွေ များပြားလာတာမို့ ဒါတွေကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာပြီး မျိုးပွားခြင်း၊ အစာကျွေးခြင်း၊ ဇီဝလုံခြုံရေးစနစ်တွေကို လေ့လာကြတာမျိုးနဲ့ နို့စားနွား မွေးမြူရေးကို တစ်ပိုင်တစ်နိုင် အဆင့်မြှင့်တင်နိုင်ပါတယ်။
ဒေသနဲ့ကိုက်ညီတဲ့ နွားမျိုးတွေကိုလည်း ရွေးချယ်မွေးမြူဖို့လို
ရာသီဥတုပြောင်းလဲမှုကလည်း စိန်ခေါ်မှုတစ်ခုပါ။ အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထက်ကို ရောက်သွားရင် နွားတွေရဲ့ နို့ထွက်နှုန်းဟာ ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းနိုင်တယ်လို့ နွား မွေးမြူရေး ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဒါကြောင့် နွားတင်းကုပ်တွေကို ရေစီးရေလာကောင်းတဲ့ မြေမြင့်တွေမှာ ဆောက်လုပ်ပြီး သဘာဝလေဝင် လေထွက်စနစ်တွေ ထည့်သွင်းသင့်တယ်။ မွေးမြူမယ့်ဒေသနဲ့ ကိုက်ညီတဲ့ နွားမျိုးတွေ ကိုလည်း ရွေးချယ်မွေးမြူဖို့ လိုပါတယ်။ ဒါ့အပြင် နို့ကိုထုတ်လုပ်ပြီး ချက်ချင်းမထိန်းသိမ်းနိုင်ရင် အရည်အသွေး မြန်မြန်ကျဆင်းတတ်တာကြောင့် အေးခဲစနစ်တွေကလည်း အလွန်အရေးကြီးတာမို့ အရည်အသွေးထိန်းသိမ်းမှု မြှင့်တင်ပေးဖို့လည်း လိုအပ်ပါတယ်။
ယနေ့ကမ္ဘာမှာလည်း နို့စားနွားလုပ်ငန်းက စိန်ခေါ်မှုတွေ ကြုံနေရပါတယ်။ ဥပမာအားဖြင့် နွားကထွက်ရှိတဲ့ မီသိန်းဓာတ်ငွေ့က ဖန်လုံအိမ် ဓာတ်ငွေ့တွေထဲကတစ်ခုဖြစ်တာကြောင့် ကမ္ဘာကြီးရဲ့ အပူချိန်မြင့်တက်မှုကို အားပေးတယ်လို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေက ဆိုကြပါတယ်။ ဒါကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းအများအပြား ထုတ်လုပ်တဲ့ နိုင်ငံတွေဟာ Sustainable Dairy Farming နဲ့ Precision Dairy Farming လို နည်း ပညာအသစ်တွေကို အသုံးပြုပြီး ထုတ်လုပ်မှုတိုးမြှင့်တာနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို တစ်ပြိုင်နက် လျှော့ချတာမျိုး ရှာဖွေကြံဆနေကြရပါတယ်။
ဒါတွေအားလုံးကို အောင်မြင်အောင် ဆောင်ရွက်နိုင်စေဖို့ အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တောင်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ သမဝါယမအသင်းတွေ ဖွဲ့စည်းပြီး စုပေါင်းမွေးမြူနိုင်ရေး ဆောင်ရွက်မယ်ဆိုရင် အရင်းအနှီးနည်းတဲ့ တောင်သူတွေပါ ပါဝင်လာနိုင်မှာဖြစ်ပါ တယ်။ လက်တွေ့မှာ နိုင်ငံတော်က စတင်လုပ်ဆောင်ပေးနေတာကိုလည်း မြင်တွေ့ရပါတယ်။ နိုင်ငံခြား အကူအညီတွေကိုလည်း မဟာဗျူဟာကျကျ အသုံးချနိုင်ကြဖို့ ကြိုးပမ်းကြရမှာဖြစ်ပြီး အိမ်နီးချင်း နိုင်ငံတွေရဲ့ အတွေ့အကြုံကိုလည်း သင်ယူနိုင်တယ်။ ဥပမာ အိန္ဒိယနိုင်ငံ Amul ရဲ့ သမဝါယမစနစ်ဟာ သန်းနဲ့ချီတဲ့ နို့စားနွားမွေးမြူရေးသမားတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ခဲ့လို့ လေ့လာကြည့်နိုင်ပါ တယ်။ နွားမွေးမြူရေးနဲ့ ကျွဲမွေးမြူရေးလုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်ပြီး နို့ထွက်ပစ္စည်းထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ တိုးချဲ့တည်ဆောက်နိုင်မယ်ဆိုရင် ပြည်တွင်းမှာ နို့ထွက်ပစ္စည်းတွေ ဖူလုံလာနိုင်ပြီး ပြည်ပငွေသုံးစွဲမှုကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပါတယ်။
အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ နို့စားနွားမွေးမြူရေး လုပ်ငန်းဘယ်လိုပုံစံရှိလာနိုင်မလဲဆိုတာကို စိတ်ကူးကြည့်ရင် ကျေးလက်ဒေသမှာ မွေးမြူရေး လုပ်ငန်းဟာ သားသမီးတွေကို ပညာသင်ပေးနိုင်တဲ့ ဝင်ငွေဖြစ်လာနိုင်တယ်။ တစ်နိုင်ငံလုံးမှာ နို့နဲ့နို့ထွက်ပစ္စည်းတွေ ပေါများလာနိုင်တယ်။ ပြည်ပက တင်သွင်းနေရတာတွေ လျော့ကျလာနိုင်တယ်။ ကလေးငယ်တွေရဲ့ အာဟာရဖွံ့ဖြိုးမှု ပိုမိုအားကောင်းလာနိုင်တယ်။ ဒါပေမဲ့ အဲဒီအိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ဆိုရင် ဒီကနေ့ကစပြီး လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
နို့တစ်ခွက်ရဲ့နောက်ကွယ်က တန်ဖိုးကွင်းဆက်ဟာ ကြီးမားကျယ်ပြန့်ပါတယ်။ အဲဒီထဲမှာ နို့စားနွား တစ်ကောင်ရဲ့တန်ဖိုး၊ တောင်သူတစ်ယောက်ရဲ့ မျှော်လင့်ချက်နဲ့ ကလေးငယ်တွေရဲ့ အပြုံးတွေ ပါဝင်နိုင်သလို အာဟာရလိုအပ်နေသူတွေအတွက် ခွန်အားတွေပါဝင်ပါတယ်။ ဒါကြောင့် နောက်တစ်ခါ နို့တစ်ခွက်သောက်တဲ့ အခါ ဒီအကြောင်းတွေကို သတိရပြီးသောက်ဖြစ်ဖို့ တိုက်တွန်းချင်ပါတယ်။ ။
- Log in to post comments



