မွန်ပြည်နယ်ဝန်ကြီးချုပ် ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

 

သထုံ ဧပြီ ၂၆

 

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သထုံမြို့ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးစဉ် ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်းက တက္ကသိုလ်ဆိုင်ရာ အချက်အလက် များနှင့် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်အတွက် ကျောင်းသား ကျောင်းသူ အဆောင်၊ ဝန်ထမ်းအိမ်ရာ၊ စာသင်ဆောင် လိုအပ်ချက်၊ လျာထားပြီး လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ယခုအခါ ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်ကို ပေါင်းစည်းပြီး Polytechnic University အဖြစ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ တက္ကသိုလ်တစ်ခုတည်းတွင် ဘာသာရပ်များ စုစည်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသောနည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များနှင့် သင်ကြားရေး ကွာခြားမှုမရှိကြောင်း၊ ယခုအခါ ကွန်ပျူတာတက္ကသိုလ် (သထုံ)နေရာတွင် ဆရာအတတ်ပညာ တက္ကသိုလ်(သထုံ) ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သော အဆောက်အအုံများ တည်ဆောက်ရေးနှင့်ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ သတ်မှတ်နိုင်ရေး ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြု ဆွေးနွေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာ တက္ကသိုလ်(သထုံ) သုံးထပ် စာသင်ဆောင်၊ ရှစ်ခန်းတွဲဝန်ထမ်းအိမ်ရာ နေရာနှင့် ကျောင်းသား ကျောင်းသူ အဆောင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် သထုံမြို့ လိပ်အင်း ရပ်ကွက်ရှိ ပဉ္စဂီရိချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းတိုက်သို့ သွားရောက်၍ အဆိုပါ ကျောင်းတိုက်ရှိ သီလရှင် ဆရာမကြီး သဒ္ဓမ္မဇောတိကဓဇ ဒေါ်ဣန္ဒစာရီနှင့် ဆရာကြီး ဆရာ လေးတို့အား သွားရောက်ဖူးမြော်၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ တင်ပြဆွေးနွေးပြီး လှူဖွယ်ဝတ္ထု ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)