ပုသိမ် ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ မြို့မဈေးကြီးတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက မီးငြှိမ်းသတ်နေမှုနှင့် မီးလောင်ပျက်စီးဆုံးရှုံးမှုအခြေအနေကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဈေးသူ ဈေးသားများနှင့် တွေ့ဆုံပြီး ပျံကျဈေးဖွင့်လှစ်နိုင်ရေး၊ ယာယီဈေး တည်ဆောက်ဖွင့်လှစ်ရေး၊ ဈေးအသစ် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များကို ဆွေးနွေးကာ ဈေးသူ ဈေးသားများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓနုဖြူမြို့မဈေး မီးငြှိမ်းသတ်မှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဈေးတာဝန်ခံရုံးတွင် တာဝန်ရှိသူများ၊ ဈေးသူ ဈေးသားများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ဈေးကြီးအတွင်းရှိ ဈေးရုံ၊ ဆိုင်ခန်းပေါင်းနှင့် မီးလောင်ပျက်စီးဆုံးရှုံးမှု၊ ယာယီဈေးဖွင့်လှစ်နိုင်ရေးနှင့် ဈေးသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီဈေးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဈေးသစ်မတည်ဆောက်မီနှင့် ယာယီဈေး မဖွင့်လှစ်နိုင်သေးသည့် ကာလအတွင်း ပြည်သူများ ရောင်းဝယ်မှုအဆင်ပြေစေရန် ပျံကျဈေးကို ရက်ပိုင်းအတွင်း ဖွင့်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ယာယီ ဈေးတည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)



