ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သီလဝါဆိပ်ကမ်းဧရိယာရှိ ခေတ်မီသိုလှောင်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

 

ရန်ကုန် ဧပြီ ၂၆

 

ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ရန်ကုန်တိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာမျိုးသော်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါ ဆိပ်ကမ်းဧရိယာရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build-Operate-Transfer, BOT) စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသည့် ခေတ်မီသိုလှောင်ရုံစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ သည်။

မှာကြား

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Myanma Agricultural & General Development Public Limited (MAGDPL) တို့မှ သီလဝါ ဆိပ်ကမ်းဧရိယာ အကွက်အမှတ် (၂၉)တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းဖြစ်သော ခေတ်မီသိုလှောင်ရုံတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ဦးဆောင် ညွှန်ကြားရေးမှူးက ခေတ်မီသိုလှောင်ရုံ လေးလုံးအနက် ပေ(၅၅၀ x ၁၅၀ x ၃၄)အရွယ်ရှိ တန်ချိန် ၂၅၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံ တစ်လုံး တည်ဆောက်ခြင်း၊ နောက်ခံမြေတွင် သဲဖို့ခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အပိုင်းလိုက် ဆက်လက် တည်ဆောက်သွားမည့် အခြေ အနေတို့ကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက အချိန်မီ ပြီးစီး၍ ဖွင့်လှစ်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန်နှင့် နိုင်ငံ၏ အဓိကလယ်ယာထွက် ပို့ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် သိုလှောင်တင်ပို့နိုင်ရေးအတွက် စီမံထားသည့်အတိုင်း အပိုင်းလိုက် ဆက်လက်တည်ဆောက်သွားကြရန် ဖြည့်စွက်မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Myanmar Inter-national Terminal Thilawa (MITT) ဆိပ်ကမ်းတံတားသို့ ရောက်ရှိစစ်ဆေးပြီး MITT အစည်း အဝေးခန်းမတွင် သီလဝါဆိပ်ကမ်း ဧရိယာရှိ BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများအား တွေ့ဆုံရာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူးက ဆိပ်ကမ်း လုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ BOT ဆိပ်ကမ်းတံတားများမှ တာဝန် ရှိသူများက လက်ရှိ ဆိပ်ကမ်း ဝန်ဆောင်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် တည်ဆောက်ရန် ကျန်ရှိသည့် BOT ဆိပ်ကမ်း တံတားများမှ ၎င်းတို့ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နှစ်စဉ် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ် မှုတန်ဖိုးသည် နိုင်ငံတကာ ကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ ၇၀ ရာနှုန်းရှိသဖြင့် ပင်လယ်ရေကြောင်း ဖြင့် ကုန်သွယ်မှု၏ အဓိက ဝင်/ထွက်ပေါက်ဖြစ်သော ရန်ကုန်နှင့် သီလဝါဧရိယာရှိ ဆိပ်ကမ်းတံတားများအပါအဝင် ဆိပ်ကမ်းလုပ်ငန်း ကဏ္ဍတစ်ခုလုံး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကို အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း၊ ရန်ကုန်ဆိပ်ကမ်း၏ ကုန်ကိုင်တွယ် ရရှိမှုပမာဏကို မြှင့်တင်နိုင်ရန် ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအပြင် နိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင် အနေအထားကို အကျိုးရှိစွာ အသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ  သယ်ယူ ပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေ နှစ်သွယ် ဘက်စုံသယ်ယူပို့ဆောင် ရေးစနစ်ကို အကောင်အထည်ဖော် ရန်လိုကြောင်း၊ ထို့ကြောင့် ရန်ကုန် ဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ် လွှဲပြောင်းတင်ဆောင်ခြင်း(Tran-shipment) ဝန်ဆောင်မှုနှင့် နိုင်ငံဖြတ်သန်း ကုန်သွယ်မှု (Transit Trade) ဝန်ဆောင်မှုများကို ပေးနိုင်ရန် အဆင်သင့်ဖြစ်မှု အတွက် ဆိပ်ကမ်းတံတားများကို ဆက်လက်တိုးချဲ့ တည်ဆောက်လုပ်ကိုင်ကြရန်လိုအပ်ပြီး နိုင်ငံ၏စွမ်းအင်လုံခြုံမှုအတွက်လည်း စက်သုံးဆီ တံတားများနှင့် သိုလှောင်ကန်များကို မြေနေရာ ချထားပေးပြီးဖြစ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ဆက်လက် ရင်းနှီးမြှုပ်နှံ တည်ဆောက် လုပ်ကိုင်ကြရန်၊ ဆိပ်ကမ်းလုပ်ငန်း စွမ်းဆောင်မှုကို မြှင့်တင်နိုင်ရေးအတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် အသွင်ကူးပြောင်း ဆောင်ရွက်ကြရန်၊ စွမ်းအင်သုံးစွဲမှု လျှော့ချနိုင် ရေးအတွက် ဆိုလာစနစ်ကို အစားထိုး သုံးစွဲကြရန်နှင့် ဘက်ထရီစနစ်သုံး ကုန်ကိုင်တွယ် စက်ကိရိယာများနှင့် ယာဉ်များကို ပြောင်းလဲ အသုံးပြုကြရန် တိုက်တွန်းပြောကြားသည်။(ဝဲပုံ)

ပေါင်းစပ်ညှိနှိုင်းပေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဌာနအလိုက် အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည့်အပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ပေါင်းစပ် ညှိနှိုင်းပေးသည်။

 

မွန်းလွဲပိုင်းတွင် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် သိမ်ဖြူ သင်္ဘောကျင်းရှိ 1500 BHP Harbour Tug တွန်းဆွဲရေယာဉ် အသစ်တစ်စင်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်