နေပြည်တော် ဧပြီ ၂၅
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
အမြင်ချင်းဖလှယ်
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ထားရှိမှု၊ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းရန် ဆက်လက်ပူးပေါင်းဆောင် ရွက်ရေး၊ မြန်မာအစိုးရ ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ပံ့ပိုးကူညီရေး၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသွားရေး၊ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုများနှင့် တရားမဝင် လုပ်ငန်းများ ဆောင်ရွက်နေခြင်းကို တိုက်ဖျက်ရာ၌ နှစ်နိုင်ငံအိမ်နီးချင်းကောင်း ပီသစွာဖြင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန် ထောက်ခံရပ်တည်သွား ရေးနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အစဉ်တစိုက် ထောက်ခံ ပေးခြင်းနှင့် ကူညီပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံရပ်တည်ပါကြောင်း၊ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင် အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အစီအမံလေးခုကိုလည်း ထောက်ခံပါကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အဆိုပြုချက် လေးချက်ကို ထောက်ခံပါကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအရေးကြီးပါကြောင်း၊ တရုတ်နိုင်ငံမှ ပေးအပ်ခဲ့သော ငလျင်ဒဏ် ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံနယ်စပ်တွင် တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်နေ ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီးနောက် ယခုလို လည်ပတ်ခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် ဆက်လက်ပံ့ပိုးမည်ဖြစ်ပါကြောင်း၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အခြေခံသည့် မြန်မာနိုင်ငံက ယုံကြည်အားကိုးနိုင်လောက်သော အိမ်နီးချင်းနိုင်ငံအဖြစ် ရပ်တည်မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်သည့် ပူးပေါင်းမှုမြှင့်တင်သွားမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု ပိုမိုခိုင်မာစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ အကြီးအကဲများအကြား သဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရေး ကြိုးပမ်း သွားမည်ဖြစ်ပါကြောင်း၊ ကဏ္ဍစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ပါကြောင်းနှင့် နှစ်နိုင်ငံအကြားရှိ စီမံကိန်းများကို အရှိန်အဟုန်မြှင့်၍ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ဆွေးနွေးပွဲအပြီးတွင် မန္တလေးငလျင်ဒဏ်သင့် ဘုန်းတော်ကြီးများနှင့် သီလရှင် ကျောင်းများအတွက် တရုတ်နိုင်ငံ အစိုးရကလှူဒါန်းသည့် အသင့် နေအိမ်များ လွှဲပြောင်းလက်ခံခြင်း ဆိုင်ရာ စာလွှာလဲလှယ်ခြင်းနှင့် မြန်မာအာကာသ အေဂျင်စီနှင့် တရုတ်အမျိုးသားအာကာသ စီမံခန့်ခွဲမှုဌာနတို့အကြား အာကာသ ပူးပေါင်း ဆောင်ရွက်မှုနှင့် အာကာသဟင်းလင်းပြင် ငြိမ်းချမ်းစွာအသုံးပြုမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လဲလှယ်ခြင်းတို့ကို နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ ရှေ့မှောက်တွင် ပြုလုပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Jasmine Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ ညစာစားပွဲသို့ မြန်မာ အာကာသအေဂျင်စီမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သာသနာ ရေးရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်



