ခင်ရတနာ
ပြီးခဲ့တဲ့နှစ်လယ်ပိုင်း ဆောင်းဦးရာသီမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ဗီယက်နမ်နိုင်ငံတို့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသကို လေ့လာခွင့်ရခဲ့ပါတယ်။ နယ်စပ်ဆိုတဲ့အတိုင်း တစ်ဖက်က ဗီယက်နမ်နယ်နိမိတ်စည်းရိုးနဲ့ တရုတ်နယ်နိမိတ် တံတိုင်းတွေဟာ ဆောင်းဦးမှာကျရောက်တဲ့ နှင်းမြူတွေအကြား ငွားငွားစွင့်စွင့် တည်ရှိနေတာပေါ့။ နှစ်နိုင်ငံကို ခြားနားထားတဲ့ ယွမ်မြစ်(ဗီယက်နမ်အခေါ် ဟောင်မြစ်)က အားမာန်အပြည့်နဲ့ စီးဆင်းနေပါတယ်။ မြစ်အပေါ်မှာတော့ နှစ်နိုင်ငံ နယ်စပ်ဂိတ်တည်ရှိပါတယ်။
နယ်စပ်ဂိတ်ကို မရောက်ခင် ကုန်သွယ်ရေးစခန်း ကို ဖြတ်သန်းသွားရပြီး အဲဒီမှာတော့ များပြားလှတဲ့ ကုန်တင်ကားတွေက တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံကို ဖြတ်သန်းသယ်ယူပို့ဆောင်ဖို့အတွက် ပြင်ဆင်နေကြတာတွေ့ရတယ်။ ကားလမ်းနဲ့ သိပ်မကွာလှတဲ့ နေရာတစ်လျှောက်မှာ ရထားလမ်းအချို့နဲ့ ကုန်တင်ရထားအချို့ ခုတ်မောင်းသွားတာကိုလည်း သတိပြုမိ ပါတယ်။ ပုံမှန်ကုန်သွယ်ရေး တည်ငြိမ်စွာတိုးတက်နေတဲ့ တရုတ်-ဗီယက်နမ် ကုန်သွယ်မှုတစ်စွန်းတစ်စကို မြင်တွေ့ခွင့်ရ တဲ့အခါ မိမိတို့နိုင်ငံအတွက်လည်း ဖြန့်ကြက်အတွေးစတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ယူနန်ပြည်နယ်ကနေ ခေတ္တနေထိုင်ရာ ပေကျင်းကို အပြန်ခရီး ကျည်ဆန်ရထားစီးနင်းရင်း တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း ဖြစ်တဲ့ မြန်မာ၊ လာအို၊ ဗီယက်နမ်တို့အကြားမှာ ဖွံ့ဖြိုးလာနေတဲ့ ကုန်းတွင်းကုန်သွယ် ရေးလမ်းကြောင်းတွေအကြောင်းကို ဆက်စပ် အတွေးနယ်ချဲ့နေမိတယ်။ ကုန်းတွင်းဆိပ်ကမ်းတွေနဲ့ ရထား–ကားပေါင်းစပ် Logistics စနစ် အတော် များများ တရုတ်နိုင်ငံကို ရောက်ရှိခဲ့စဉ် လေးလခွဲအတွင်းမှာ အတော်လေး လေ့လာခွင့်ရခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံနဲ့ ကုန်သွယ်မှုအနေနဲ့ ၂၀၂၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀၀ ကျော်ရှိခဲ့ပြီး ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုဟာ အရှိန်အဟုန်နဲ့ မြင့်မားနေတာကိုလည်း သိရှိခဲ့ပါတယ်။
“အရှေ့တောင်အာရှက အရင်က ပင်လယ် ဆိပ်ကမ်းအခြေခံကုန်သွယ်ရေးကို အဓိကထား ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ကုန်းတွင်း လမ်းကြောင်းတွေကလည်း အရေးပါတဲ့ သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်း ဖြစ်လာခဲ့ပါပြီ။ တရုတ် နိုင်ငံရဲ့ Belt and Road Initiative ကြောင့် လာအို၊ ဗီယက်နမ်နဲ့ မြန်မာတို့ကလည်း Regional Logistics Network ထဲကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့ပါတယ်။ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ အကောင်အထည် ပေါ်နေပေမယ့် မြန်မာနိုင်ငံကတော့ မကြာမီကျယ်ကျယ်ပြန့်ပြန့် စတင်နိုင်မယ်လို့ သုံးသပ်ရပါတယ်”ဟု တရုတ်နိုင်ငံ အခြေစိုက် BEIBU GULF Port Group ရဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို သွားရောက်လေ့လာခွင့်ရခဲ့စဉ်မှာ ကုန်းတွင်း ဆိပ်ကမ်း (Dry Ports) တွေကို အများအပြားတွေ့မြင်ခဲ့ရသလို ဒါတွေဟာ နယ်စပ်ကုန်သွယ်ရေးအတွက် အထူးအရေး ပါတဲ့ ကဏ္ဍတစ်ခုအဖြစ် ဦးစားပေးအဆင့်မြှင့်တင်ကြောင်းကိုလည်း ပြည်နယ်တာဝန်ရှိသူတွေထံက သိရှိရပါတယ်။ “ကွမ်ရှီးက စိုက်ပျိုးရေးကို အခြေခံတဲ့ဒေသပေါ့။ အချို့နေရာတွေမှာ သကြားအခြေခံ ကြံစိုက်ခင်းတွေ အများအပြား ရှိတယ်။ ထုတ်ကုန်ရှိတဲ့နေရာမှာ ကျွန်တော်တို့က တန်ဖိုးမြှင့်စက်ရုံတွေ တည်ဆောက်ဖို့ တွန်းအားပေးသလို တစ်ဖက်မှာ လည်း ထုတ်ကုန်တွေကို သယ်ယူပို့ဆောင်ပေးနိုင်တဲ့ စနစ်ကောင်းရှိဖို့ ဖန်တီးပေးရပါတယ်။ ကုန်းတွင်းဆိပ်ကမ်းတွေရဲ့ အားသာချက်က ကား၊ ရထား၊ သင်္ဘော ပေါင်းစပ်ထားတဲ့ စနစ်ဖြစ်လို့ အတော်လေးအဆင်ပြေ လွယ်ကူလာခဲ့ပါတယ်။ ဒါကြောင့် ကုန်းတွင်း ဆိပ်ကမ်းတွေကို အဆင့်မြှင့်တင်ပေးထားခြင်းဖြစ်တယ်”ဟု ကွမ်ရှီးပြည်နယ်က ပြန်ကြားရေး ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။
လေ့လာမိသလောက် တရုတ်-လာအို ရထား လမ်းကို ၂၀၂၁ ခုနှစ်ကတည်းက စတင်လည်ပတ် ပြေးဆွဲခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ ရထားလမ်းကို နေ့စဉ် စီးနင်းသူအရေအတွက် တရုတ်နိုင်ငံဘက်မှာတင် ၆၅၀၀၀ ခန့်နဲ့ လာအို နိုင်ငံဘက်မှာ ၈၀၀၀ ကျော် ရှိတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ ၂၀၂၄ ခုနှစ်မှာ တရုတ်-လာအို ရထားလမ်းကနေ ကုန်တန်ချိန် သန်း ၃၀ ကျော် သယ်ဆောင်နိုင်ခဲ့တယ်လို့သိရှိရပြီး ယနေ့အချိန်မှာတော့ သယ်ယူပို့ဆောင်ရေးကဏ္ဍ အတွက် အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုအဖြစ် ရပ်တည်နေခဲ့ပြီဖြစ်ပါတယ်။
နေ့စဉ် တရုတ်နိုင်ငံကဘက်က စက်ပစ္စည်း၊ ဓာတ်မြေဩဇာနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေ အများဆုံးတင်ပို့ပြီး လာအိုနိုင်ငံဘက်က သစ်သီးဝလံ၊ ရော်ဘာနဲ့ သစ်တောထွက်ပစ္စည်းတွေ အများဆုံးတင်ပို့ပါတယ်။ ထို့အတူ တရုတ် - ဗီယက်နမ် ရထားလမ်းကနေ အထည်ချုပ်၊ သစ်သီးဝလံနဲ့ စားသောက်ကုန်များတင်ပို့ပြီး တရုတ်နိုင်ငံဘက်က အီလက် ထရွန်နစ်နဲ့ နည်းပညာမြင့်ပစ္စည်းတွေ တင်ပို့မှုကလည်း အလွန်များပြားပါတယ်။ ဒါကြောင့် ဗီယက်နမ်နိုင်ငံရဲ့ ပို့ကုန်က နိုင်ငံဂျီဒီပီရဲ့ ၇၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့သုံးနှစ်က အစီရင်ခံစာအရ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှာ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးရထားပြေးဆွဲမှု အကြိမ်ရေ ၇၀၀၀ နီးပါးရှိခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုပမာဏ တန်ချိန် ၅ ဒသမ ၅၅ သန်းကျော် ရှိခဲ့ပါတယ်။ အထူးသဖြင့် ယူနန်ပြည်နယ်မှာရှိတဲ့ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားပြေးဆွဲမှုအကြိမ်ရေနဲ့ ကုန်စည်ပို့ဆောင်မှုပမာဏက တစ်နိုင်ငံလုံး စုစုပေါင်းရဲ့ ၇၀ ကနေ ၉၀ ရာခိုင်နှုန်းကျော် အသီးသီး ရှိခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော်ရထားလမ်းဟာ သာမန်ကုန်းလမ်းပို့ဆောင်ရေးလမ်းကြောင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပိုမိုအဆင်ပြေ ထိရောက်မှုရှိတယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့ကနေ ထွက်ခွာတဲ့ ကုန်စည်ရထားဟာ ဗီယင်ကျန်း မြို့အထိ အရောက် ၂၆ နာရီသာကြာမြင့်ပြီး ကုန်းလမ်းက ကားနဲ့ သယ်ယူပို့ဆောင်တာထက် နှစ်ရက်ကနေ သုံးရက်အထိ သက်သာစေလို့ ကုန်ကျစရိတ်များစွာ လျော့နည်းသက်သာစေပါတယ်။ တရုတ်နိုင်ငံက နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့ နိုင်ငံတကာရထားလမ်းတွေဖြစ်တဲ့ ရှန်ဟိုင်း-ယူနန်- လန်ချန်း-မဲခေါင်လမ်းနဲ့ တရုတ်-လာအို အအေးခန်း ကုန်တွဲအထူးရထားလမ်းတွေဟာ ဒေသတွင်း ပို့ဆောင်ရေးကို သိသိသာသာမြှင့်တင်ပေးနိုင်ခဲ့သလို တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေအကြား ကုန်းလမ်းကနေ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အဓိကလမ်းကြောင်းတွေ အဖြစ် အရေးပါလာ ခဲပါတယ်။
မိမိတို့နိုင်ငံမှာ MSME ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်အစိုးရက တွန်းအားပေးလုပ်ဆောင်လျက်ရှိသလို နိုင်ငံရဲ့အဓိက စီးပွားရေးဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ဖို့လည်း ဦးစားပေးဆောင်ရွက်လျက်ရှိ ပါတယ်။ ပြည်ပကိုတင်ပို့ရာမှာ သဘာဝထုတ်ကုန်တွေကို တင်ပို့ရာကနေ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့လို တန်ဖိုးမြှင့်ထုတ်ကုန်တွေရဲ့ ထုတ်လုပ်မှုအချိုး တိုးမြှင့်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတာကိုလည်း မြင်တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုတန်ဖိုးဟာ နိုင်ငံတကာသုတေသန အချက်အလက်တွေအရ အမေရိကန် ဒေါ်လာ ၅ ဘီလီယံကနေ ၆ ဘီလီယံခန့်ရှိပေမယ့် တင်ပို့သမျှရဲ့ ၈၀ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်းက မူရင်းထုတ်ကုန် တွေသာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေကို တန်ဖိုးမြှင့်အစားအစာတွေအဖြစ် ထုတ်လုပ်နိုင်ခဲ့ရင်၊ စနစ်တကျ ထုပ်ပိုးမှုနဲ့ ပေါင်းစပ်မြှင့်တင်နိုင်မယ်ဆိုရင် သိုလှောင်စဉ်နဲ့ သယ်ယူပို့ဆောင်စဉ်တွေမှာ ဆုံးရှုံးမယ့် လေလွင့်ဆုံးရှုံးမှုတွေကို ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး ပို့ကုန်အရည်အသွေး တွေလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်တွင်းထုတ်ကုန်တွေကို အဆင့်မြှင့်တင်မှုတွေ တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြပေမယ့် ဈေးကွက်ဝေစုရရှိမှုမှာ တော့ အားနည်းနေသေးတယ်လို့ ယူဆမိပါတယ်။
လာအိုနိုင်ငံလို ပင်လယ်ဆိပ်ကမ်းမရှိတဲ့ နိုင်ငံမျိုးမှာတောင် ကုန်တင်ရထားပို့ဆောင်ရေးကနေ ပို့ကုန်ကဏ္ဍကို မြှင့်တင်နိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံဟာလည်း ကုန်းတွင်းသယ်ယူပို့ဆောင်ရေး တွင်ကျယ်လာတာနဲ့အမျှ နိုင်ငံရဲ့ ဂျီဒီပီကို များစွာမြင့်မားစေခဲ့ တာတွေကိုလည်း သတိပြုဖို့လိုအပ်တယ်လို့ ယူဆမိပါတယ်။ ထို့အတူ ကုန်းတွင်းရထားဆိုက်ကပ်ရာ မြို့တွေဟာ စီးပွားရေးမြို့တွေအဖြစ် ဖွံ့ဖြိုးမှုပြောင်းလဲလာနိုင်တာကြောင့် စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုကိုလည်း အလိုအလျောက်တွန်းအားပေးတဲ့ အခြေအနေတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ကုန်ပစ္စည်းတွေ စုစည်းရာအချက်အချာ ဖြစ်လာတာနဲ့အမျှ ဒေသဖွံ့ဖြိုးတိုးတက်မှုကနေ စက်မှုဇုန်တွေအဖြစ် တိုးတက်ပြောင်းလဲလာတာကို တရုတ်နိုင်ငံရဲ့ ဒေသအများအပြားမှာ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီအခါ သယ်ယူပို့ဆောင်ရေးစရိတ်ကို လျှော့ချပေးနိုင်ပြီး ကုန်ပစ္စည်းဖြန့်ဖြူး မှုစနစ်ကိုပါ ပိုမိုထိရောက်လာစေတာဖြစ်ပါတယ်။
ကုန်းတွင်းကုန်ရထား သယ်ယူပို့ဆောင်ရေးဟာ ပင်လယ်ရေလမ်းကြောင်းကို မှီခိုမှုလျှော့ချနိုင်တဲ့အပြင် ဒေသတွင်း ပြည်သူတွေအချင်းချင်း ဆက်ဆံရေးကိုလည်း တိုးမြှင့်စေနိုင်ရုံမက ဒေသတွင်း အာဏာသဘောတရားကိုပါ ပြောင်းလဲ နိုင်စေပါတယ်။ နိုင်ငံအချင်းချင်း ကုန်သွယ်မှုမြင့်မားလာတာဟာ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု တိုးမြှင့်လာခြင်း၊ အစိုးရအချင်းချင်း ပိုမိုချိတ်ဆက် ဆောင်ရွက်ရခြင်း စတာတွေကြောင့် စီးပွားရေးအရေးပါရုံသာမက နိုင်ငံရေးအရ အရေးပါမှုကိုလည်း တိုးတက်စေနိုင်မှာပါ။
မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေကို ချိတ်ဆက်ပေးနိုင်တဲ့ အလယ်ဗဟိုနေရာမှာ တည်ရှိနေပေမယ့် လက်ရှိမှာတော့ ဒေသတည်ငြိမ်အေးချမ်းမှုလိုအပ်ချက်နဲ့ နိုင်ငံကို ပျက်စီးအောင်ဆွဲချနေကြတဲ့ ပြည်ဖျက်သစ္စာဖောက်တွေရဲ့ အန္တရာယ်ကြောင့် အခြေခံ အဆောက်အအုံလိုအပ်ချက် ကြီးမားနေရဆဲဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်လို စီးပွားရေးအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေအရ သယ်ယူပို့ဆောင်ရေးစရိတ်ဟာ စီးပွားရေးအရွယ် အစားရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ မြင့်မားနေဆဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တိုင်းပြည် တည်ငြိမ်အေးချမ်းရေး အမြန်ဆုံးရရှိအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်နေပြီး တစ်ဖက်မှာလည်း အခြေခံ အဆောက်အအုံတွေကို ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ဒါပေမယ့် အဖျက်သမားတွေရဲ့ ဖျက်ဆီးမှုကြောင့် မူလရှိနှင့်ပြီးသား ကားလမ်း၊ ရထားလမ်း၊ တံတား၊ ဆက်သွယ်ရေး စနစ်တွေဟာ သမင်မွေးရင်း ကျားစားရင်းဆိုသလို ပြန်လည်ပြင်ဆင်နေရတာဟာ နိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့အတွက် အရှိန်တန့်စေတဲ့ အနှောင့်အယှက်အဟန့် အတားတွေပဲ ဖြစ်ပါတယ်။ ထို့အတူ နယ်မြေမငြိမ်းချမ်းတဲ့အတွက် နယ်စပ်ဂိတ်တွေကနေ ကုန်စည်စီးဆင်းမှုအခက်အခဲက နိုင်ငံနဲ့ပြည်သူကို ပိုပြီးထိခိုက်စေပါတယ်။
ကမ္ဘာ့ရေနံဈေးနှုန်း မတည်ငြိမ်မှုတွေကြောင့် ကားနဲ့ သယ်ယူပို့ဆောင်မှုစရိတ်တွေဟာ နိုင်ငံတကာမှာလည်း ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ကမ္ဘာမှာ ကားလမ်း သယ်ယူပို့ဆောင်မှုတွေကို ရထားစနစ်နဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုတွေအဖြစ် ပြောင်းလဲလာနေကြပြီ ဖြစ်ပါတယ်။ ထို့အတူပဲ ပေါင်းစပ်သယ်ယူပို့ဆောင်ရေးစနစ်ကို ကျင့်သုံးလာကြပြီး ခရီးဝေး၊ ခရီးရှည်တွေကို ရထားနဲ့ သယ်ယူကြပြီး ခရီးတိုတွေကိုတော့ မော်တော်ကားနဲ့ ပေါင်းစပ်ဝန်ဆောင်မှုစနစ်ကို ကျင့်သုံးလာကြတာကို မြင်တွေ့ရပါတယ်။ မိမိတို့နိုင်ငံမှာလည်း ယင်းစနစ်ကို လျင်လျင်မြန်မြန် အကောင်အထည် ဖော်ကြရမှာပါ။
လက်ရှိ မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ဟာ ကားအခြေခံဖြစ်ပြီး ရထားအသုံးပြုမှုက ၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းသာ ရှိနေပါသေးတယ်။ ဒါကြောင့် ကွန်တိန်နာရထားစနစ်ကို တိုးချဲ့အသုံးပြုခြင်းကနေ သယ်ယူပို့ဆောင်မှု စရိတ်နဲ့ အချိန်ကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော် ကလည်း ကုန်ပစ္စည်းတွေကို ရထားနဲ့ပိုမိုတင်ပို့နိုင် ဖို့အတွက် ကုန်တင်ရထားတွေ စတင်ပြေးဆွဲနေတာကို သိရှိရပါတယ်။ ရထားနဲ့ သယ်ယူပို့ဆောင်တာဟာ ကားနဲ့ သယ်ယူပို့ဆောင်တာထက် ၂၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ ကုန်ကျစရိတ်ကို လျှော့ချနိုင်မယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံဟာ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ရထားသံလမ်းတွေ ပိုမိုဖြည့်တင်းတာ၊ ရထားစင်းရေ ပိုမိုတိုးချဲ့ပြေးဆွဲ တာတွေကို ကြိုးပမ်းလုပ်ဆောင်နေတဲ့ ရလဒ်အဖြစ် မြန်မာ့မီးရထားရဲ့ ပြောင်းလဲတိုးတက်မှုတွေကို မိမိတို့အားလုံး သိရှိပြီး ဖြစ်ပါတယ်။
လက်ရှိမှာ လျှပ်စစ်ရထားတွေကို ရန်ကုန်-နေပြည်တော်-မန္တလေးအပြင် အခြားမြို့တွေကို တိုးချဲ့ပြေးဆွဲဖို့ စီစဉ် ဆောင်ရွက်လုပ်ဆောင်နေတာကြောင့် ဒီနှစ်သင်္ကြန်ရုံးပိတ်ရက်ရှည်တွေမှာ ဝန်ထမ်းတွေနဲ့ မိဘပြည်သူတွေ အေးဆေး သက်သာစွာနဲ့ ကုန်ကျစရိတ်လျော့နည်းစွာ ခရီးသွားလာနိုင်ခဲ့ကြပါတယ်။ ထို့အတူ ကုန်တင်ရထားတွေကို ပြေးဆွဲပေးလျက်ရှိတာကြောင့် ကုန်စည်ပို့ဆောင်ရေးမှာ များစွာအကျိုးပြုလျက်ရှိပါတယ်။ လျှပ်စစ် ရထားစနစ်ဟာ မြို့ပြသယ်ယူပို့ဆောင်ရေးနဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး နှစ်မျိုးစလုံးအတွက် အနာဂတ်မှာ အရေးပါတဲ့ စနစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ လျှပ်စစ်ရထားဖွံ့ဖြိုးလာပါက လောင်စာစရိတ်ကို ၃၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မှာဖြစ်ပြီး သယ်ယူ ပို့ဆောင်ခစရိတ် ကြီးမြင့်မှုသက်သာသလို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကိုလည်း ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပြီးသား ဖြစ်လာမှာပါ။
၂၀၂၃ ခုနှစ် ဇွန်လတုန်းက မြန်မာနိုင်ငံကထွက်တဲ့ သံသတ္တုရိုင်း တန်ချိန် ၁၀၀၀ ကျော် တင်ဆောင်ထားတဲ့ ကုန်တွဲရထားက ယူနန်ပြည်နယ် ပေါင်ရှန်းမြို့ ဖူမြောင်သယ်ယူပို့ဆောင်ရေးစင်တာ၊ မီးရထားအထူးလမ်းကြောင်းကနေ စတင်ထွက်ခွာ လာခဲ့ပါတယ်။ နောက်နှစ်ရက်အကြာမှာတော့ စီချွမ်ပြည်နယ် ချန်ဒူးမြို့ ချိန်ရှန်းဘူတာကို ဆိုက်ရောက်ခဲ့ ပါတယ်။ အဲဒါဟာ တရုတ်-မြန်မာ လမ်းကြောင်းသစ် ကားလမ်း၊ မီးရထားလမ်း ပူးတွဲပို့ဆောင်ရေးရဲ့ ဆောင်ရွက်မှုဖြစ် သလို မန္တလေးမြို့ကနေ ကားလမ်းနဲ့ထွက်လာခဲ့ပြီး ထိန်ချုန်းမြို့ ဟိုချောင်နယ်စပ်ဂိတ်ကနေ ပေါင်ရှန်းမြို့၊ ဖူဖြောင် သယ်ယူပို့ဆောင်ရေးစင်တာကို ရောက်ရှိ၊ အဲဒီကနေ ရထားနဲ့ ချန်ဒူးမြို့ကို ဆက်လက် သယ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကားလမ်း - မီးရထားလမ်း ပူးတွဲပို့ဆောင်မှုမှာ ကီလိုမီတာ ၂၃၀၀ ကျော် ရှည်လျားပြီး သယ်ယူပို့ဆောင်မှုခရီးစဉ် တစ်ခုလုံးက ငါးရက်တာ ကြာမြင့်ခဲ့ပါတယ်။
ဖူဖြောင်ဘူတာရုံမှူး ဝူကွမ်ရှန့်အတွက်ကတော့ ဒါကမမေ့နိုင်တဲ့ ပထမဆုံးသော ဘူတာရဲ့ နိုင်ငံတကာ ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်မှု အစီအစဉ်ဖြစ်ပါတယ်။ “ရထားတွဲ ပို့ဆောင်ရေးအစီအစဉ်ထဲက ကျွန်တော်က ရထားတွဲလွတ် ရွေးချယ်ချိတ်ဆက်မှုကို ကြိုတင်ပြင်ဆင်ထားပြီး တာဝန်ရှိသူက လုပ်ငန်းစဉ်ပြောင်းလဲချိတ်ဆက်မှုကို ကွပ်ကဲပေးတာပါ။ ရထားတွဲရဲ့ လုံခြုံရေးနဲ့ အမြန်ဆုံးထွက်ခွာနိုင်ရေးကို ကျွန်တော်တို့က အာမခံပေးနိုင်ခဲ့ပါတယ်”လို့ တရုတ်နိုင်ငံ ကူမင်းမီးရထားဦးစီးဌာန ကွမ်းထုံးလမ်းပိုင် ဖူဖြောင်ဘူတာရုံမှူး ဝူကွမ်ရှန့်က ပြောပြပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်ကလည်း တရုတ်နိုင်ငံ ချုံချင့်မြို့ ယွီကြွေဘူတာက စတင်ထွက်ခွာပြီး အီလက်ထရွန်နစ် အပိုပစ္စည်း တွေ၊ ကားနဲ့ ဆိုင်ကယ်အပိုပစ္စည်းတွေ ကွန်တိန်နာ ၆၀ ခန့်ကို တင်ဆောင်လာခဲ့တဲ့ ကုန်တင်ရထားတစ်စင်းက ချုံချင့်-လင်ချန်း- မန္တလေး ကားရထား ပေါင်းစပ်အစီအစဉ်အရ ၁၅ ရက်ခရီးနဲ့ မန္တလေးမြို့ကို ဆိုက်ရောက်ခဲ့ပါတယ်။ ပုံမှန်ထက် ရက်ပေါင်း ၂၀ လောက် သက်သက်သာသာနဲ့ တင်ပို့နိုင်ခဲ့တယ်လို့ သိခဲ့ရပါတယ်။
တရုတ်နိုင်ငံဘက်က အခေါ်အဝေါ်အရ “တရုတ်-မြန်မာလမ်းကြောင်းသစ်”၊ “တရုတ်-မြန်မာ-အိန္ဒိယ သမုဒ္ဒရာ လမ်းကြောင်းသစ်”လို့ သိရပြီး ပင်လယ်ရေကြောင်းပို့ဆောင်ရေး၊ ကားလမ်း၊ ရထားလမ်းပေါင်းစပ် သယ်ယူပို့ဆောင်ရေး အနေနဲ့ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှနိုင်ငံ အသီးသီးရဲ့ ကုန်စည်တွေ မြန်မာနိုင်ငံ ရန်ကုန်နဲ့ ကျောက်ဖြူဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကနေတစ်ဆင့် တရုတ်နိုင်ငံနဲ့ ကုန်စည်ကူးသန်း မှုဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာ မလ္လကာရေလက်ကြားကိုပတ်တဲ့ ရေလမ်းကြောင်းဆိုတဲ့ အရင်လမ်းကြောင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အလွန်ကိုတိုတောင်းကောင်းမွန်တဲ့ လမ်းကြောင်းသစ်လို့ စီးပွားရေးပညာရှင်တွေက ယူဆကြပါတယ်။ လက်ရှိမှာ ကွန်တိန်နာ ၁၀၀၀ ကျော် တင်ပို့ခဲ့ပေမယ့် မြန်မာနိုင်ငံအတွင်းက ဒေသတွေ တည်ငြိမ်အေးချမ်း သွားမယ်ဆိုရင် ထိုထက်မက တိုးချဲ့ကုန်သွယ်နိုင်မှာဖြစ်သလို မြန်မာနိုင်ငံအနေနဲ့လည်း များစွာအကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းတစ်ခုလို့ ယူဆမိ ပါတယ်။
တိုင်းပြည် တည်ငြိမ်အေးချမ်းသာယာလာတာနဲ့အမျှ တရားဥပဒေစိုးမိုးလာတာနဲ့အမျှ ပြည်တွင်း ကုန်စည်သယ်ယူ ပို့ဆောင်ရေးသာမက ဒေသတွင်း ရထားအသုံးပြု သယ်ယူပို့ဆောင်ရေးစနစ်ကို တိုးမြှင့်အကောင်အထည်ဖော်နိုင် မယ်ဆိုရင် တရုတ်၊ လာအို၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့ကို ချိတ်ဆက်ထားမယ့် သယ်ယူပို့ဆောင်ရေးကွန်ရက်ဟာ ယခု ထက် ပိုမိုလျင်မြန်စွာနဲ့ ဖွံ့ဖြိုးလာပြီး ဒေသတွင်းကုန်ပစ္စည်းဖြန့်ဖြူးမှုစနစ်အတွင်းမှာ မိမိတို့နိုင်ငံဟာ အရေးပါတဲ့ အချက်အချာနေရာတစ်ခုအဖြစ် ရပ်တည်လာနိုင်မှာဖြစ်ပြီး ဒေသတွင်း ပြည်သူအချင်းချင်းလည်း ယခုထက် ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေက စောင့်ကြိုနေမယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း။ ။
- Log in to post comments



