အယ်လ်နီညိုဖြစ်စဉ်ကြောင့် ယခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ကမ္ဘာလုံးဆိုင်ရာ အပူချိန်နှင့် မိုးရွာသွန်းမှုပုံစံများ သက်ရောက်မှုရှိနိုင်

 

ဂျီနီဗာ ဧပြီ ၂၄

 

အယ်လ်နီညို ဖြစ်စဉ်ကြောင့် ယခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ ကမ္ဘာလုံးဆိုင်ရာ အပူချိန်နှင့် မိုးရွာ သွန်းမှုပုံစံများကို သက်ရောက်မှုရှိနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO )က ယနေ့ အစီရင်ခံ စာတစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

ပစိဖိတ်ဒေသတွင် ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုများ သိသိသာသာ ဖြစ်ပေါ်စေကြောင်းနှင့် ပင်လယ်မျက်နှာပြင် အပူချိန်သည် လျင်မြန်စွာမြင့်တက်လျက်ရှိပြီး မေလမှ ဇူလိုင်လအထိ အယ်လ်နီညိုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

 

အယ်လ်နီညိုဖြစ်စဉ် အပူချိန်မြင့်တက်မှုသည် လာမည့်လအနည်းငယ်အတွင်း မြင့်မားလာနိုင်ကြောင်း ရာသီဥတုခန့်မှန်းရေး အကြီးအကဲ ဝီဖရန်မိုဖော်မာအိုကီယာက ပြောကြားခဲ့သည်။

 

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်အလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်းရှိ ပင်လယ်မျက်နှာပြင် အပူချိန်များ ပူနွေးလာမှု၏ လက္ခဏာရပ်ဖြစ်သည်။ ပုံမှန်အားဖြင့် နှစ်နှစ်တစ်ကြိမ်မှ ခုနစ်နှစ်တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး ကိုးလမှ ဆယ့်နှစ်လခန့်ကြာမြင့်ကြောင်း သိရသည်။

 

အယ်လ်နီညိုဖြစ်စဉ်သည် ကမ္ဘာကြီး ပူနွေးလာမှုအပေါ် သက်ရောက်မှုရှိသည့်အတွက် ၂၀၂၄ ခုနှစ်သည် အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်နှင့် စံချိန်တင် အပူဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် -‌ အောင်ကျော်ကျော်