နေပြည်တော် ဧပြီ ၂၄
နိုင်ငံတော်သမ္မတ၏ အခြေပြမိန့်ခွန်းအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက် ဆောင်ရွက်ရမည့် အခြေအနေများ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဌာနဆိုင်ရာများသည် ပြည်သူကိုဗဟိုပြု၍ ပွင့်လင်းမြင်သာမှုရှိသော အဂတိ ကင်းစင်သော ဝန်ဆောင်မှုများပေးအပ်ရန် လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ မိမိတို့ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ပေးကြရန်နှင့် တာဝန်ရှိသူများအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များ အောင်မြင်စေရန် အင်တိုက်အားတိုက် လက်တွဲညီစွာဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာများက အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက် ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်၏ ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အကောင်အထည်ဖော် နိုင်မှု၏ အားသာချက် များကို ဆက်လက်ထိန်းသိမ်း ခြင်း၊ အားနည်းချက်များကို ဖော်ထုတ်ပြုပြင် ဖြည့်ဆည်းဆောင်ရွက်ခြင်းဖြင့် လက်ရှိ ၂၀၂၆-၂၀၂၇ စီမံကိန်းရည်မှန်းချက်ကို သက်ဆိုင်ရာကဏ္ဍအလိုက် အချိတ်အဆက်မိမိဖြင့် လျာထားချက် ရာခိုင်နှုန်း ပြည့်မီကျော်လွန်ရေးနှင့် မျှော်မှန်းထားသည့် တိုးတက်မှုနှုန်းများရရှိရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားပြီး လယ်ယာကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက လက်ခံရယူသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များက စက်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက် တာဝန်များ၊ ဝန်ဆောင်မှု ကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက် တာဝန်များ၊ နေပြည်တော်အတွင်းရှိ ခရိုင်များ၏ စီမံကိန်းရည်မှန်းချက်တာဝန်များကို ပေးအပ်ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)



