နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းများအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းပွဲကျင်းပ

 

နေပြည်တာ် ဧပြီ ၂၄

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းများအပေါ် ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ရုံးအမှတ် (၁၇) ပြည်ထောင်စု ရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကျင်းပသည်။

 

နိုင်ငံ့အကျိုးကို ရှေးရှု

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင်ပါရှိသော လမ်းညွှန်မှာကြားချက်များကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ဝန်ထမ်း ကောင်းမှ နိုင်ငံကောင်းမည်ဆို သည့် ဆောင်ပုဒ်နှင့်အညီ အရည် အချင်းပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် စနစ်တကျ ရွေးချယ်ပေးခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် စံတန်ဖိုးများကို စိမ့်ဝင်စေ၍ ခံယူချက် စိတ်ဓာတ်မြင့်မားစေရန် ဆောင်ရွက်ပေးခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်း ရေးရာစီမံခန့်ခွဲမှု ကိစ္စများနှင့် ပတ်သက်၍ သဘောထားမှတ်ချက် ပြန်ကြားခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရသော နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများသည် နိုင်ငံတည်ရှိသရွေ့ ထာဝရရှိနေရမည်ဖြစ်သည့်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံ ဝန်ထမ်းအဖွဲ့အစည်းများရှိ နိုင်ငံ့ဝန်ထမ်းများသည် ကဏ္ဍအလိုက်၊ အဆင့်အလိုက် လုပ်ငန်းများစဉ်ဆက်မပြတ် မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးကိုရှေးရှု၍ အမျိုးသား အကျိုးစီးပွားကို မြှင့်တင်ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း။

 

အသိပညာပေး ဆွေးနွေးပို့ချသွားမည်

အစိုးရ၏ ရက် ၁၀၀ စီမံကိန်းနှင့် မူဝါဒ၊ ရည်မှန်းချက်များအပေါ် ကဏ္ဍအလိုက်၊ အဆင့်အလိုက်လိုက်ပါ အကောင် အထည်ဖော်ရသော ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများရှိ နိုင်ငံ့ဝန်ထမ်းများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုက်ပါတာဝန် ထမ်းဆောင်နိုင်ရေး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် အသိပညာပေးဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်း တက္ကသိုလ်များရှိ အဆင့်အလိုက် တက်ရောက်ရသော သင်တန်းများ၏ သင်ရိုးညွှန်းတမ်း များအား အစိုးရသစ်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် ကိုက်ညီစေရန် ပြင်ဆင်၍ အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိနားလည်ပြီး ပြည်သူ့အကျိုးကို ရှေးရှုသော၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်စေရေး ဦးတည်လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

အဆိုပါ ရှင်းလင်းပွဲသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်