တပ်မတော်သားတို့သည် နိုင်ငံတော်အတွက် အသက်ကိုပင်စွန့်လွှတ်မည်ဟု ကတိသစ္စာပြုထား သူများဖြစ် နိုင်ငံတော်အတွက် သစ္စာရှိစွာ စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်သောသူများကိုလည်း ချီးမြှောက်မှုများ ပြုလုပ်ပေးလျက်ရှိ

 

နေပြည်တော် ဧပြီ ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ တာချီလိတ် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား မိုင်းဖြတ်မြို့ ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၏ ဇနီး ဒေါ်နီလာ၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်သား များသည် နိုင်ငံတော်ကိုချစ်သောစိတ်၊ တိုင်းပြည်ကို ချစ်သောစိတ်တို့ဖြင့် မိမိဆန္ဒအလျောက် စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း၊ အလားတူ တပ်မတော်သားများ၏ ဇနီးများသည်လည်း ကောင်းတူဆိုးဖက် တာဝန်ကျရာနေရာတွင် ပါရမီဖြည့်ဖက်ကောင်းများအဖြစ် လိုက်ပါ နေထိုင်၍ တပ်ရေးတပ်ရာကိစ္စရပ်များတွင် ပူးပေါင်းပါဝင်လုပ်ကိုင် လျက်ရှိကြကြောင်း၊ ထို့အပြင် တပ်မတော်သည် ရဲဘော်စိတ်ကိုအခြေခံ၍ တည်ဆောက်ထားကာ အထက်အောက်လေးစားသော စိတ်ဓာတ်၊ ရွယ်တူကိုလေးစား သောစိတ်ဓာတ်၊ ငယ်သူကို ညှာတာသော စိတ်ဓာတ်ရှိသည့် ခိုင်မာသော အဖွဲ့အစည်းဖြစ် ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီမှ အဖွဲ့၊ တပ်စိတ်၊ တပ်စုအဆင့် ဆင့်သည် အဖွဲ့အစည်းစိတ်ဓာတ် ဖြင့် ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း။

 

တပ်မတော်သားများအတွက် စောင့်ထိန်းလိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်အပါး ၆၀ ကို ပြဋ္ဌာန်း ထားပြီးဖြစ်ကြောင်း၊ ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် အထက်အောက်ဆက်ဆံရေး၊ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေး၊ ပြည်သူလူထုနှင့် ဆက်ဆံရေးများ တွင် အဆင်ပြေနိုင်မည်ဖြစ်၍ ကျင့်ဝတ်အပါး ၆၀ ကို ခါးဝတ် ပုဆိုးကဲ့သို့ မြဲမြံစွာစောင့်ထိန်း လိုက်နာရန် လိုအပ်ကြောင်း၊ စည်းကမ်းသည် တပ်မတော်၏ အသက်သွေးကြောဖြစ်၍ စည်းကမ်းနှင့်ပတ်သက်၍ အလျှော့ပေး၍မရကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်မှုမှ စားသောက်နေထိုင် သွားလာမှုများအထိ ထောင့်စုံအောင်သတ်မှတ်ထားသည့် စည်းကမ်းများရှိပြီး အိမ်ထောင်သည်လိုင်း စည်းကမ်း၊ တပ်ပြင်ထွက်ခွင့် စည်းကမ်း စသဖြင့် သတ်မှတ် ထားကာ လိုက်နာကြရန်လိုကြောင်း၊ စည်းကမ်းချိုးဖောက်မှုများနှင့်ပတ်သက်၍ လျစ်လျုရှု၍မရ ကြောင်း၊ အိမ်ထောင်တစ်ခု၊ အဖွဲ့အစည်းတစ်ခုအတွင်း စည်းကမ်း ချိုးဖောက်မှုကို လျစ်လျူရှုခြင်း သည် ၎င်းအိမ်ထောင်နှင့် အဖွဲ့အစည်းအတွင်း ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်ပေါ်စေကြောင်း၊ တာဝန်ရှိသူ များ၏ ဘာသိဘာသာနေမှုသည် အဖွဲ့အစည်းကို ထိခိုက်စေသည်သာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေ နိုင်သဖြင့် စည်းကမ်းနှင့်အညီ ပြုပြင်ဆုံးမရန်လိုကြောင်း၊ သို့ဖြစ်၍ စည်းကမ်းနှင့် ပတ်သက်လာပါက အမိအဖ စိတ်ဓာတ်၊ တပ်မှူးကောင်း စိတ်ဓာတ်တို့ဖြင့် မပြတ်သွန်သင်ဆုံးမခြင်းဖြင့် မကောင်းမှုကို တားမြစ်နိုင်ပြီး စည်းကမ်းကောင်း သောတပ်မတော်အဖြစ် အစဉ်ရပ်တည်နိုင်မည်ဖြစ်ကြောင်း။

 

အထက်ပါ စိတ်ဓာတ်နှင့် စည်းကမ်းကဲ့သို့ အရေးကြီးသောအချက်မှာ သစ္စာရှိမှုပင်ဖြစ်ကြောင်း၊ သစ္စာရှိမှုသည် တပ်မတော်သားတိုင်းအတွက် ဘဝနှင့်သက်ဆိုင်၍ လေးနက်မှုရှိကြောင်း၊ တပ်မတော်သား တို့သည် နိုင်ငံတော်အတွက် အသက်ကိုပင် စွန့်လွှတ်မည်ဟု ကတိသစ္စာပြုထားသူများ ဖြစ်ကြကြောင်း၊ နိုင်ငံတော်အတွက် သစ္စာရှိစွာ စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်သော သူများကိုလည်း ချီးမြှောက်မှု များ ပြုလုပ်ပေးလျက်ရှိကြောင်း၊ သစ္စာရှိမှုဆိုရာတွင်လည်း နိုင်ငံတော်နှင့် တပ်မတော်အပြင် မိမိ ရဲဘော် ရဲဘက်နှင့် မိသားစုများအပေါ် သစ္စာရှိစွာ အမြဲစောင့်ထိန်းနေရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ တစ်ဦး တစ်ယောက်ချင်းစီ၏ သစ္စာရှိစွာ လိုက်နာကျင့်ကြံမှုမှ အဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိပြီး စည်းလုံး ညီညွတ်မှုကိုလည်း တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။

 

စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှု၊ သစ္စာရှိမှုကို အခြေခံ၍ တော်တည့်မှန်ကန်သော ခေါင်းဆောင်မှုပေး ခြင်းဖြင့် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တပ်မှူးလုပ်သူသည် မှန်ကန်သော အမိန့်ကိုပေးရန်လိုပြီး ၎င်းအမိန့်ကို လိုက်ပါဆောင်ရွက်နိုင်ရန်လည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်လိုကြောင်း၊ ကောင်းမွန်သောခေါင်းဆောင်မှုနှင့် စည်းလုံးညီညွတ်မှုရှိသော တပ်ရင်း/တပ်ဖွဲ့သည် မည်သည့်ကိစ္စကိုမဆို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ခြင်း၊ သစ္စာရှိခြင်း၊ စည်းလုံးခြင်းဟူသော အချက် ၄ ချက်နှင့်ပြည့်စုံခြင်းဖြင့် စွမ်းရည် သုံးရပ် ပြည့်စုံနိုင်မည်ဖြစ်ကြောင်း၊ စွမ်းရည်သုံးရပ်တွင်လည်း တပ်ရင်း/တပ်ဖွဲ့တိုင်းသည် စစ်ရေးစွမ်းရည် ပြည့်ဝနေရန် အမြဲလေ့ကျင့်နေကြရန်လိုကြောင်း။

 

လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် ကျန်းမာကြံ့ခိုင်မှုသည် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ ကျန်းမာရေးကြောင့် မလိုလားအပ်သော ပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိပြီး တပ်မတော်အတွက် ဆုံးရှုံးမှုများဖြစ်ပေါ်သကဲ့သို့ မိသားစုများအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးတို့သည် မိမိကိုယ်တိုင် ကြိုးစားလုပ်ယူရသော ကိစ္စရပ်များဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျန်းမာရေးကို ကိုယ်စီဂရုစိုက်ကြရန်နှင့် ကျန်းမာရေးထိခိုက်စေသည့် အပျော်အပါးများ ကိုရှောင်ကြဉ်ရန် မှာကြား လိကြောင်း။

 

ပညာရေးနှင့် ပတ်သက်၍ တပ်မတော်သားများ၏ သား/သမီးအားလုံးကို KG+9 အဆင့်အထိ အနည်းဆုံး တတ်မြောက်အောင် ဝိုင်းဝန်းကြိုးစားဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ KG+9 တက်ရောက်အောင်မြင် ပြီးသူများအနေဖြင့်လည်း စက်မှုသိပ္ပံကျောင်းများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ၊ မွေးမြူရေးသိပ္ပံ ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် အခွင့်အလမ်းများ ရရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် တပ်မတော်နှင့် နိုင်ငံတော် အတွက် လူသားအရင်းအမြစ်များ ထွက်ပေါ်လာအောင် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။

 

တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ဗဟုသုတရစေသည့် ပြင်ပစာပေများကို ဖတ်ရှုလေ့လာ ရန်လိုကြောင်း၊ တပ်မတော်မှ ထုတ်ဝေဖြန့်ချိလျက်ရှိသော မဂ္ဂဇင်း၊ ဂျာနယ်များနှင့် သတင်းစာများကို အချိန်မီ ရရှိအောင် တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ မူးယစ်ဆေးဝါး ကိစ္စများနှင့် ပတ်သက်၍သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းလုံးဝ မပြုလုပ်ရန်နှင့် မိသားစုဝင်များပါ ကင်းကင်းရှင်းရှင်းရှိစေရေး ကြပ်မတ်သွန်သင်နေရန်လိုကြောင်း၊ အလားတူ လောင်းကစားခြင်း သည်လည်း ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေ၍ မိသားစုနှင့် လုပ်ငန်းတာဝန်များကိုပါ ထိခိုက်စေနိုင်ကြောင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့်ပတ်သက်၍လည်း အမျိုး သားရေးတာဝန် တစ်ရပ်အဖြစ် သဘောထား၍ သတင်းရရှိသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်မီ သတင်းပို့ တားဆီးနိုင်ရန်လိုကြောင်း။

 

တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် လိုအပ်ချက်များကို အမြဲမပြတ် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ မိသားစုဝင်များအနေဖြင့်လည်း တပ်ပိုင်နှင့် တစ်ပိုင် တစ်နိုင် စိုက်ပျိုး/ မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရေး တိုက်တွန်းလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိသားစု၏စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေမည်ဖြစ်ပြီး သက်သာချောင်ချိမှု ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း။

 

မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်ဒေသတို့သည် တိုင်းရင်းသားပြည်သူလူထု အများစု နေထိုင်ရာနယ်မြေများဖြစ်၍ ဒေသခံတိုင်းရင်းသားများနှင့် ထိတွေ့ဆက်ဆံရာတွင် တပ်မတော်သား ပီသစွာ ကျင့်ဝတ်နှင့်အညီ ပြုမူပြောဆိုရန်နှင့် ဒေသအလိုက် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာ ခဲ့ပါကလည်း အထက်အမိန့်မစောင့်ဘဲ ထိရောက်သောကူညီမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်လေးစားမှုကိုရရှိအောင် ဆောင် ရွက်ကြရန်လိုကြောင်း ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကိုမေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု များအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူးက လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်များရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းဖြတ်တပ်နယ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်