အီရန်နှင့် ဆက်နွှယ်သည့် ရေနံတင်သင်္ဘော ၃၄ စင်းကျော် အမေရိကန်၏ ပိတ်ဆို့တားဆီးမှုကို ကျော်ဖြတ်ကာ ပါရှန်ပင်လယ်ကွေ့သို့ ဖြတ်သန်းခဲ့

 

တီဟီရန်   ဧပြီ   ၂၃

အီရန်နှင့် ဆက်နွှယ်သည့် ရေနံတင်သင်္ဘော ၃၄ စင်းကျော်သည် အမေရိကန်၏ ပိတ်ဆို့တားဆီးမှုကို ကျော်ဖြတ်ကာ ပါရှန်ပင်လယ်ကွေ့သို့ ဖြတ်သန်းသွားခဲ့ကြောင်း သိရသည်။

 

ဗြိတိန်ထိပ်တန်းသတင်းစာတစ်စောင်ဖြစ် သည့် The Financial Times က ကုန်စည်ခြေရာခံအဖွဲ့ Vortex မှ အချက်အလက်များအပေါ် အခြေခံ၍ ယမန်နေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ သည်။

 

အီရန်နှင့် ဆက်နွှယ်နေသည့် ရေနံတင်သင်္ဘော အနည်းဆုံး ၁၉ စင်းသည် အမေရိကန်၏ ပိတ်ဆို့ တားဆီးမှုကို ကျော်ဖြတ်ကာ ပါရှန်ပင်လယ်ကွေ့မှ ထွက်ခွာသွားခဲ့ပြီး ရေနံတင်သင်္ဘော ၁၅ စင်း သည် ပါရှန်ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ပါရှန်ပင်လယ်ကွေ့မှ ထွက်ခွာသွားသော ရေနံတင်သင်္ဘော အနည်းဆုံး ခြောက်စင်းသည် အီရန်မှ ရေနံစိမ်းစည်ပေါင်း ၁၀ သန်းခန့်ကို သယ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

 

ရေနံတင်သင်္ဘော ခြောက်စင်းအနက် တစ်စင်းသည် အီရန်အလံတင်သင်္ဘောဖြစ်ကြောင်း  သိရ သည်။                       

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်