တိုကျို ဧပြီ ၂၃
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အီဝါတဲပြည်နယ်၌ ယနေ့အထိ တောမီးလောင်ကျွမ်းမှု ဆက်လက် ပျံ့နှံ့နေပြီး မီးလောင်သည့် ဧရိယာမှာ ဟက်တာ ၂၀၀ ကျော်အထိ များပြားလာကြောင်း ဒေသ တွင်းမီဒီယာများက ဖော်ပြထားသည်။
အိုစွတ်ချိမြို့၏ တောင်တန်းတစ်ခုပေါ်တွင် ယမန်နေ့က စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံ ခုနစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ အချို့နေရာများတွင် မီးတောက်များသည် ဒေသခံနေအိမ်များနှင့် မီတာ ၁၀၀ အကွာအဝေးအထိ နီးကပ်လာကြောင်း ကျိုတိုနှင့် အင်န်အိတ်ချ်ကေ သတင်းများအရ သိရသည်။
အီဝါတဲ ပြည်နယ်အစိုးရနှင့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များက ရဟတ်ယာဉ်များ အသုံးပြု၍ ရေဖျန်းမီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ပြည်နယ်တစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ ကိုလည်း စေလွှတ်ထားသည်။ နီးစပ်ရာ မီယာဂိပြည်နယ်ကိုလည်း မီးငြှိမ်းသတ်ရေး အကူအညီ ပေးရန်နှင့် အရေးပေါ် မီးသတ်အဖွဲ့များ စေလွှတ်ရန် တိုက်တွန်းထားသည်။
ယနေ့ မွန်းလွဲပိုင်းအထိ အိုစွတ်ချိမြို့မှ အိမ်ထောင်စု ၁၂၂၉ စု၊ လူပေါင်း ၂၅၈၈ ဦးအား ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားပြီး မြို့အတွင်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းများအားလုံးကို ယာယီပိတ်ထားကြောင်း သိရသည်။
ဆင်ဟွာ



