အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-
ယနေ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ယနေ့ဟာဆိုရင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီ တတိယအကြိမ် အမျိုးသားလွှတ်တော်စတင်တဲ့ သမိုင်းမှတ်တမ်းတင်ဂုဏ်ယူစရာ နေ့တစ်နေ့ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများကိုယ်စား ကျွန်တော့်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက် ပေးခဲ့ကြတဲ့အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း နဲ့ ကျွန်တော့်ဘဝရဲ့ မှတ်တိုင်တစ်ခုအဖြစ် စွဲမြဲစွာ မှတ်သားထားရှိသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များဟာ မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းစဉ်ဖြစ်တာ ကြောင့် အခက်အခဲများစွာကြားကပင် လွတ်လပ်ပွင့်လင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ကို အောင်မြင်စွာကျင်းပပြုလုပ်ပေးခဲ့တဲ့ နိုင်ငံတော်အစိုးရကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒီလို ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့လို့လည်း ယနေ့ ပြည်သူများ ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်များဟာ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကြီးကို တက်ရောက်လာ နိုင်ကြတာပဲ ဖြစ်ပါတယ်။
လွှတ်တော်ဆိုတာ ဥပဒေပြုရေးအာဏာကို ပြည်သူလူထုထံမှရရှိထားတဲ့ ဥပဒေပြုအဖွဲ့အစည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)အရ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်း ခြင်းဆိုတဲ့ တာဝန်တွေကို ထမ်းဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ရဲ့အခန်းကဏ္ဍဟာ ကြီးမားသလို လွှတ်တော်ကိုယ်စားလှယ် များရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါလှပါတယ်။
အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၄၁ အရ ဖွဲ့စည်းထားတာဖြစ်ပြီး ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများမှ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနဲ့အညီ အမည်စာရင်းတင်သွင်းထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေပါဝင်တဲ့ လွှတ်တော်ဖြစ်တာကြောင့် ပြည်ထောင်စုစိတ်ဓာတ်နဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်ကို ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ယခုကျင်းပတဲ့ တတိယအကြိမ် လွှတ်တော်ဟာ ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေနဲ့အညီ မဲအများဆုံးရသူ အနိုင်ယူစနစ်နဲ့ အချိုးကျကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ဖြစ်ပေါ်လာတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် ထူးခြားစွာပေါ်ပေါက်လာတဲ့ လွှတ်တော်ပဲဖြစ်ပါတယ်။
လွှတ်တော်လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေအချင်းချင်း ယဉ်ယဉ်ကျေးကျေးနဲ့ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် ဆက်ဆံဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေကို လေးစား လိုက်နာကြရမှာဖြစ်သလို လွှတ်တော်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲ ရောက်လာချိန်မှာ ပါတီအရောင်အသွေးမခွဲခြားဘဲ ပြည်သူလူထုအကျိုးစီးပွားကိုရှေးရှုပြီး ညီညီ ညွတ်ညွတ်နဲ့ ဝိုင်းဝန်းဆွေးနွေးကြဖို့ တိုက်တွန်းလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူအများက ယုံကြည်စွာရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ မိမိတို့ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူတို့ရဲ့အသံကို နားထောင်ပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ် တွေဖြစ်တဲ့အတွက် ပြည်သူ့အကျိုးကို ရှေ့တန်းတင်ဆောင်ရွက်ကြရန် တာဝန်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့ အကျိုးစီးပွားကို ဖော်ဆောင်ရမှာဖြစ်တဲ့အတွက် ပြည်သူ့အကျိုးစီးပွားကို မြင့်မြင့်မားမား ဖော်ဆောင်နိုင်အောင် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း တိုးတက်မြင့်မားစေဖို့ စဉ်ဆက်မပြတ် လေ့လာသွားကြရမှာ ဖြစ်ပါတယ်။
ဥပဒေပြုရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အခါမှာလည်း နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ နိုင်ငံရေးရည်မှန်းချက်၊ အမျိုးသားရေး ရည်မှန်းချက်၊ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုး စီးပွားဖြစ်ထွန်းစေမှုတွေကို ဖော်ဆောင်ပေးမယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးတာ၊ ခေတ်စနစ်နဲ့လျော်ညီအောင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းတာတွေ၊ ခေတ်စနစ်နဲ့ လျော်ညီမှုမရှိတော့တဲ့ဥပဒေတွေကို ရုပ်သိမ်းတာတွေ ဆောင်ရွက်ရာမှာ လွှတ်တော် ကိုယ်စားလှယ် အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေဖြင့် ကျွန်တော် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခွင့်ရတဲ့ အချိန်မှာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့အကျိုးကို ရှေးရှုဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြုပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ လွှတ်တော်ရဲ့ ထုံးတမ်းအစဉ်အလာတွေကို တိကျစွာလေးစားလိုက်နာပြီး သမာသမတ်ကျစွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
၁၈-၃-၂၀၂၆



