လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာရရှိကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝလျက် ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။
ကိုယ်စားလှယ်များက ပြည်သူများကိုယ်စားကျွန်တော့်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက် ပေးခဲ့ကြတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်းနှင့် ကျွန်တော့်ဘဝရဲ့ တစ်သက တာအမှတ်တရအဖြစ် ရင်ဝယ်လေးစားစွာ သိမ်းဆည်းထားပါကြောင်း ပြောကြားလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
ဒီနေ့ဟာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးတဲ့ အတွက် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင်းတသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ပြည်သူ့ဆန္ဒနဲ့အညီ တတိယအကြိမ် ပြည်သူ့လွှတ်တော်ကြီးပေါ်ပေါက်လာတဲ့ သမိုင်းမှတ်တမ်းတင် ဂုဏ်ယူစရာနေ့ တစ်နေ့လည်း ဖြစ်ပါတယ်။
ကိုယ်စားလှယ်များက ကျွန်တော့်ကို ယုံကြည်စွာ တာဝန်အပ်နှင်းမှုအပေါ် အလေးအနက်ခံယူပြီး ဒီတာဝန်ကို ကျေပွန်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများနဲ့အညီ အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း အလေးအနက်ထား ကတိပြုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးနှင့် တစ်ဦး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပွင့်ပွင့်လင်းလင်းနဲ့ ဒီမိုကရေစီကျင့်စဉ်အတိုင်း တက်ညီလက်ညီ ဝိုင်းဝန်းဖော်ဆောင်သွားကြစေလိုပါတယ်။ ဒါ့အပြင် သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အားလုံးနဲ့အတူ နိုင်ငံတော်နဲ့ ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ် တစ်နည်းပြောရရင် ပိုမိုခိုင်မာပြည်မြန်မာကြီးကို ဖော်ဆောင်ပေးနိုင်မယ်လို့ အလေးအနက် ယုံကြည် ပါကြောင်းလည်း ပြောကြားလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့ အချုပ်အခြာမဏ္ဍိုင်သုံးရပ်အနက် ဥပဒေပြုရေးမဏ္ဍိုင်သည် လွှတ်တော်၏ အဓိကတာဝန်ဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံတော်အာဏာမဏ္ဍိုင်သုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ ပြုရမှာဖြစ်ပြီး ပြည်သူကို ကိုယ်စားပြုခြင်းကိုလည်း ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံရေးရည်မှန်းချက်၊ ခေတ်စနစ်အခြေအနေများနဲ့ ကိုက်ညီမှုရှိစေရန်ပြင်ဆင်ခြင်း၊ ပယ်ဖျက် ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူက ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်တာနဲ့ အညီ ပြည်သူများနဲ့ ထိတွေ့ဆွေးနွေးပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ပြည်သူ့ကိုယ်စား ဖော်ဆောင်ပေးရန်အတွက် ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်သကဲ့သို့ နိုင်ငံတော်နဲ့ ပြည်သူ့ကောင်းကျိုးအတွက် လွှတ်တော်ရဲ့ဆောင်ရွက်ချက် များကိုလည်း ပြည်သူများ နားလည်သဘောပေါက်စေရန် ပြန်လည်မျှဝေပေးရမှာက လွှတ်တော်ကိုယ်စားလှယ်များ ရဲ့တာဝန်ပဲဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
အချုပ်အားဖြင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ နိုင်ငံတော်နဲ့ ပြည်သူလူထု ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။
(၁၆-၃-၂၀၂၆)



