လူ့အခွင့်အရေးကောင်စီ၏မူဝါဒများကို ကောင်စီကိုယ်တိုင် လိုက်နာရန်ပျက်ကွက်

 

ဂျီနီဗာမြို့၌ ၁၃-၆-၂၀၂၂ မှ ၈-၇-၂၀၂၂  ရက်အထိ  ကျင်းပခဲ့သည့်  ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အကြိမ်(၅၀)မြောက် ပုံမှန်အစည်းအဝေးကာလတွင်  မြန်မာနိုင်ငံအတွက်   အထောက်အကူမဖြစ်သော   ဆွေးနွေးပွဲများစွာ   ကျင်းပခဲ့သည်ကို  တွေ့ရှိရသည်။ ယင်းဆွေးနွေးပွဲများတွင် အစ္စလာမ္မစ်  ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)မှ  တင်သွင်းခဲ့သော ဆုံးဖြတ်ချက်အဆိုအရ  ၁၄-၆-၂၀၂၂  ရက်တွင်   ကျင်းပခဲ့သည့်   လူ့အခွင့်အရေးဆိုင်ရာ  မဟာမင်းကြီး၏နှုတ်ဖြင့်   အစီရင်ခံချက်အပေါ်   အပြန်အလှန် ဆွေးနွေးပွဲနှင့် ၁၅-၆-၂၀၂၂ ရက်တွင်  ကျင်းပခဲ့သည့် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ”  မွတ်စလင်များနှင့် အခြားလူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်  ဖိနှိပ်မှုများ  ဖြစ်ပွားစေသည့်  အကြောင်း ရင်းများ”  ခေါင်းစဉ်ပါ ဆွေးနွေးပွဲနှင့်   ဥရောပသမဂ္ဂ (အီးယူ)မှ  တင်သွင်းခဲ့သော  ဆုံးဖြတ်ချက်အဆိုအရ  ၂၉-၆-၂၀၂၂ ရက်တွင်  ကျင်းပခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ   အထူးအစီရင်ခံစာ တင်သွင်းသူ၏နှုတ်ဖြင့်    အစီရင်ခံချက်အပေါ်   အပြန်အလှန်ဆွေးနွေးပွဲတို့  ပါဝင်သည်။ ထို့ပြင် အိုအိုင်စီက တင်သွင်းသော   “မြန်မာနိုင်ငံရှိ   “ရိုဟင်ဂျာ”  မွတ်စလင်များနှင့်   အခြားလူနည်းစုများ၏  လူ့အခွင့်အရေး အခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို ၇-၇-၂၀၂၂ ရက်တွင် လူ့အခွင့်အရေးကောင်စီက အတည်ပြုချမှတ်ခဲ့သည်။  လူ့အခွင့်အရေးကောင်စီသည်  ပူးပေါင်းဆောင်ရွက်ခြင်းနှင့်   ညှိနှိုင်းဆွေးနွေး ခြင်း  မူများကို  ဆန့်ကျင်၍ သက်ဆိုင်ရာနိုင်ငံ ပါဝင်ခြင်းမရှိဘဲ  ယင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  ဂျီနီဗာမြို့ရှိ  မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက   ယင်းဆွေးနွေးပွဲအသီးသီးနှင့် ဆုံးဖြတ်ချက်အဆိုတို့အပေါ်  တုံ့ပြန်ကန့်ကွက်ချက်များအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 


လူ့အခွင့်အရေးကောင်စီ၏ အထက်ပါအပြုအမူများကို ကြည့်ခြင်းဖြင့် လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ အတူတကွနေထိုင်သည့် မြန်မာနိုင်ငံရှိ ပြည်သူများအကြား လူ့အခွင့်အရေးအရေခြုံ၍ စိတ်ဝမ်းကွဲပြားမှု များနှင့် မယုံကြည်မှုများဖြစ်ပေါ်စေရန် ရွေးချယ်ပစ်မှတ်ထားနေသည့် အတိုင်းအတာကို ထင်ရှားစေသည်။ လူ့အခွင့်အရေးကောင်စီကချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆို ကိုယ်တိုင်ကပင် မမှန်ကန်သောစွပ်စွဲချက်များ၊ နိုင်ငံရေးနှင့် ဘာသာရေး သက်ဝင်သော အသုံးအနှုန်းများဖြင့် အမုန်းတရားဖြစ်ပေါ်စေသည်။ ယင်းဆုံးဖြတ် ချက်အဆိုနှင့် ဆွေးနွေးပွဲများသည်  ၂၀၁၇ ခုနှစ်တွင် လူအများအပြား နေရပ်စွန့်ခွာမှု ဖြစ်ပေါ်စေခဲ့သည့် အကြမ်းဖက်မှုများကိုလည်းကောင်း၊ ကော့ဘဇားရှိ စခန်းများတွင် လှုပ်ရှားနေသော အာဆာ ခေါ် အာကွာမူ မူဂျာဟီဒင် ဆိုသည့်အဖွဲ့က နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို လိုလားသူများအား ဆက်လက် သတ်ဖြတ်နေမှုများကိုလည်းကောင်း ဖုံးကွယ်ထားသည်။

 


မြန်မာနိုင်ငံသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့်ကိုက်ညီသူများကို လူမျိုးဘာသာမခွဲခြားဘဲ သင့်လျော်သည့်   နိုင်ငံသားအဆင့်အတန်းပေးလျက်ရှိသည်။   သို့ရာတွင်   မြန်မာနိုင်ငံ၏   ဥပဒေနှင့် သမိုင်းကြောင်း မှတ်တမ်းများတွင်မရှိခဲ့သည့် ဖန်တီးထားသော “ရိုဟင်ဂျာ” အသုံးအနှုန်းကို အသိအမှတ် မပြုကြောင်း ထပ်လောင်းဖော်ပြအပ်သည်။ ထိုကဲ့သို့အသုံးအနှုန်း သုံးစွဲမှုကိုလည်း ပြင်းထန်စွာ ကန့်ကွက် ကြောင်း ဖော်ပြအပ်သည်။ 

 


လူ့အခွင့်အရေးကောင်စီသည် ၎င်း၏မူဝါဒများနှင့် ရည်ရွယ်ချက်များကို  လိုက်နာခြင်းမရှိတော့ဘဲ   နိုင်ငံအချို့၏ထိန်းချုပ်ခြင်းခံရကာ   နိုင်ငံများ၏   ပြည်တွင်းရေးကိစ္စများတွင်    ၎င်းတို့လိုလားသည့် လမ်းကြောင်းအတိုင်း ဖြစ်ပေါ်စေရန်ဆောင်ရွက်သည့် စင်မြင့်တစ်ရပ်ဖြစ်လာသည်ကို စိတ်အနှောင့်အယှက် ဖြစ်ဖွယ် တွေ့ရသည်။ သို့ဖြစ်ရာ သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ အထက်ပါကိစ္စများဆောင်ရွက်ရန်  လူ့အခွင့် အရေးကောင်စီက ဆုံးဖြတ်ခဲ့သည်ကို မြန်မာနိုင်ငံက ထပ်လောင်းကန့်ကွက်သည်။

 

   ၇-၇-၂၀၂၂ ရက်တွင် စာရွက်စာတမ်းအမှတ် A/HRC/50/L.21 ပါ ဆုံးဖြတ်ချက်  အဆို (မူကြမ်း)ကို အတည်ပြုချမှတ်ရာတွင် မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမရှိဘဲ နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးသော အသုံးအနှုန်းများပါဝင်သည့် အဆို(မူကြမ်း) တစ်ခုလုံးကို ကန့်ကွက်ပယ်ချလိုက်သည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈  ရက်