ရန်ကုန် ဇွန် ၂၉
၂၀၂၂-၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ယနေ့မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်း အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်ကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ပြိုင်ပွဲများအပြီး ၁၀ မီတာ လေပစ္စတို/ ၁၀ မီတာ လေရိုင်ဖယ် အမျိုးသား အမျိုးသမီး(အလွတ်တန်း)၊ ၂၅ မီတာ ပစ္စတို အမျိုးသား အမျိုးသမီး(အလွတ်တန်း)၊ ၁၀ မီတာလေပစ္စတို/လေရိုင်ဖယ် အမျိုးသား အမျိုး သမီးတစ်ဦးချင်း/ အသင်းလိုက်၊ ၂၅ မီတာ ဗဟိုပစ္စတို အမျိုးသားတစ်ဦးချင်း၊၂၅မီတာ အားကစားပစ္စတို အမျိုးသမီးတစ်ဦးချင်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးအားကစား နှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်မှ တာဝန် ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသင်းလိုက် ပြိုင်ပွဲတွင် စုစုပေါင်းရမှတ် ၃၂ မှတ် ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆု ဖလား ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်သေနတ်ပစ်ပြိုင်ပွဲတွင် အသင်းရှစ်သင်း၊ အားကစားသမား ၉၄ ဦးတို့သည် ဇွန် ၂၄ ရက်မှ ၂၉ ရက်အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရ သည်။
အာကာစိုး



