နေပြည်တော် ဇွန် ၂၂
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ ဇွန် ၂၇ ရက်တွင် ကျရောက်မည့် “မြန်မာ နိုင်ငံဂီတနေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Friday Night Live Show အဖြစ် တင်ဆက်မည့် “တေးဂီတဖျော်ဖြေပွဲ” ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ဇွန် ၂၄ ရက် (သောကြာနေ့) ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) တေးဂီတ အဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် ဂျော်နီ၊ ဈာန်၊ ဇော်ထွေးလတ်၊ ဈာန်ထူး၊ မင်းသားလေး၊ ရွှေယမင်းဦး၊ အိအိချွန်၊ သီတာသိမ့်၊ ဇင်သူဇာထွန်း၊ ဇင်သူသူထွန်း၊ ချိုမီမီဇော်၊ ရေဂျီနားနှင့် သွန်းနေနေတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
အဆိုပါ တင်ဆက်မှုကို ဇွန် ၂၆ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



