တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌‌‌ဆေး Sinopharm ဆေးအလုံး ငါးသန်း doses နှင့် ဆေးထိုးအပ် နှစ်သန်းရောက်ရှိ

 

ရန်ကုန်     မေ   ၁၈


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး Sinopharm  ဆေးအလုံး ၁၀ သန်း doses နှင့်  ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းကို  လှူဒါန်းမည်ဖြစ်ရာ  ယနေ့  နံနက်ပိုင်းတွင် ပထမအသုတ်အနေဖြင့်    ရန်ကုန်   အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Sichun Airline ဖြင့် Sinopharm ဆေးအလုံး ငါးသန်း doses နှင့် ဆေးထိုးအပ် နှစ်သန်း ရောက်ရှိသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor  Mr. Tan Shufu နှင့် သံရုံးမှ တာဝန်ရှိသူများကပေးအပ်ရာ      ကျန်းမာရေးဝန်ကြီးဌာန      ပြည်သူ့ ကျန်းမာရေးဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာမြင့်သန်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ   လက်ထောက်အတွင်းဝန်   ဒေါက်တာရဲ မင်းထွေးနှင့်  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူသည်။

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ     မြန်မာနိုင်ငံသို့    Sinopharm  ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးအတွက်   ဆေးထိုးအပ်  ငါးသန်းကို   မေ ၁၉ ရက်တွင်လည်းကောင်း၊  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး  ငါးသန်းနှင့်   ဆေးထိုးအပ်များကို မေ ၂၈ ရက်နှင့်  ၂၉ ရက်တို့တွင် လည်းကောင်း ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ပြီး ပေးပို့လှူဒါန်း သော Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ရန်ကုန် မြို့ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ထားရှိ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မြေပြင် ခရီးလမ်းကြောင်းနှင့် တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်း၏ အကူအညီဖြင့် အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။


ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ -ကနူး