ရန်ကုန် မေ ၁၆
တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ (ရန်ကုန်) ၌ သင်္ဘော ကပ်ရန် တည်ဆောက်မည့် ဆိပ်ခံဗောတံတား သယ်ယူခြင်း၊ လွန်းတင်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် တိုးပွားရေယာဉ်ဖြင့် ဗိုလ်တထောင် ဆိပ်ကမ်းတွင် ကမ်းကပ်ထားသည့် ဆိပ်ခံဗော ကို သွားရောက်စစ်ဆေးရာ တာဝန် ရှိသူများက ရှင်းလင်းတင်ပြချက် များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေး ဆောင်ရွက်သွားကြရန်နှင့် လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
ဝန်ထမ်းများနှင့်တွေ့ဆုံ
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် သာကေတမြို့နယ်ရှိ ပြည် ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
မလွဲမသွေဆောင်ရွက်
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ပြည်ထောင်စု တိုင်းရင်း သားကျေးရွာ (ရန်ကုန်) သို့ ပဲခူး မြစ်မှတစ်ဆင့် အပန်းဖြေရေယာဉ် သင်္ဘောတို့ဖြင့် လာရောက် လည်ပတ်နိုင်ရေး ဆိပ်ခံဗော တံတား တည်ဆောက်ရေးလုပ်ငန်း များ လုပ်ဆောင်နေပြီဖြစ်ပါ ကြောင်း၊ တိုင်းရင်းသားကျေးရွာ ကို သာယာလှပရေးနှင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် မလွဲမသွေဆောင် ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ရငွေလျာထားမှု ပြည့်မီရေး၊ လုပ်ငန်းတိုးတက်မှု အခြေအနေ များကို သုံးလတစ်ကြိမ် တင်ပြ ဆောင်ရွက်သွားကြရန်နှင့် တာဝန် ရှိသူများမှလည်း အဆင့်ဆင့် ကြပ်မတ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကျေးရွာအတွင်းရှိ တိုင်းရင်းသား ရိုးရာနေအိမ်များ တွင် ရေရရှိရေးအတွက် အဝီစိ ရေတွင်းများ တူးဖော်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေ ဖြင့် မိမိတို့၏ အရည်အချင်းကို အမြဲ တိုးတက်မြင့်မားအောင် လေ့လာသင်ယူကြရမည် ဖြစ်ပါ ကြောင်းနှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာနေ ထိုင်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
စည်းကမ်းနှင့်အညီသုံးစွဲ
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)သည် လျာထားရငွေထက် ကျော်လွန်အောင် ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ ဘတ်ဂျက်သုံးစွဲ ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ သုံးစွဲရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများအား စီမံချက် များ ရေးဆွဲ၍ တွက်ချက်မှု (Estimate) များနှင့်အတူ တင်ပြ ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဆောင်ရွက်မည့် လုပ်ငန်းများ သည် နိုင်ငံတော်အတွက် အကျိုး ရှိစေရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းခဲ့ပြီး ပြည် ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း အဝီစိရေတွင်း တူးဖော် မည့် နေရာများနှင့် ဆိပ်ခံဗော တံတားတည်ဆောက်မည့် နေရာ များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်



