နေပြည်တော် မေ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာနရှိ တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပညာရေး ဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးမည်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမ များ၏ ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲဆောင် ရွက်မှုများကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတန်း များကို အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို ဇွန် ၂ ရက် တွင် စတင်တော့မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် အခြေခံပညာ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံရာတွင် မည်သည့် ငွေကြေးမျှမကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး လုပ်ငန်းများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မေ ၁၉ ရက်တွင် ကျောင်းအပ်နှံရေးလှုပ်ရှားမှု ဆိုင်းဘုတ်များ စိုက်ထူ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပညာရေးမှူးများ အားလုံးက စည်းကမ်းတိကျစွာ ကြီးကြပ်ဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ ကျောင်းအပ်နှံရာတွင် နေထိုင်သည့် မြို့နယ်ဒေသ (Catchment Area) များတွင် ကျောင်းအပ်နှံကြရမည်ဖြစ်ပါကြောင်း။
ဝိုင်းဝန်းလက်တွဲဆောင်ရွက်
သို့ရာတွင် မိမိသွားလာရေးအဆင်ပြေသည့် နေထိုင်ရာဒေသနှင့် နီးစပ်ရာကျောင်းများတွင် အပ်နှံ နိုင်ရေးအတွက်လည်း အဆင်ပြေအောင် ဝိုင်းဝန်း ညှိနှိုင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ မေ ၁၂ ရက်တွင် တက္ကသိုလ်များ၊ ပညာရေးဒီဂရီ ကောလိပ်များအားလုံး ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်လျက်ရှိကြ ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် လည်း ဆရာ ဆရာမများအနေဖြင့် မိမိတို့ တိုင်းဒေသ ကြီး/ပြည်နယ်များတွင် ကျောင်းအပ်နှံရေးလုပ်ငန်း များ အခက်အခဲမရှိအောင်၊ ပြဿနာမရှိအောင် ညီညီ ညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံး ဖတ်စာအုပ်များ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေ သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းဝတ်စုံများကိုလည်း ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမည်ဖြစ်ပါ ကြောင်း၊ ကျောင်းသုံးစာရေးကိရိယာများ၊ ဖတ်စာအုပ် များကို အနှောင့်အယှက်၊ အဖျက်အဆီး၊ ပျက်စီး ဆုံးရှုံးမှုများမရှိအောင် စနစ်တကျ စီစဉ်ဆောင်ရွက် ကြစေလိုပါကြောင်း၊ ပညာရေးနှင့် ပတ်သက်သည့် သတင်းမှား သတင်းတုများ ပေါ်ပေါက်လာသည့်အခါ သတင်းအမှန်များကို ကျောင်းသားမိဘများ သိရှိ အောင် စိတ်ရှည်စွာ ရှင်းပြကြစေလိုပါကြောင်းဖြင့် ကျောင်းသားလူငယ်များ၏ သင်ယူသင်ကြားခွင့် အခွင့်အရေးအပြည့်အဝ ရရှိအောင်ဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်စွာသွင်က ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်းရရှိ စေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ ယခုပညာသင်နှစ်၌ KG+11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ယမန်နှစ်က အကြောင်းအမျိုးမျိုးကြောင့် စနစ် ဟောင်းသင်ရိုး Grade-6 မတက်ရသေးသူများ အတွက် Grade-6 သင်ရိုးဟောင်းကိုလည်း ပြန်လည် သင်ကြားပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကျောင်းအပ်နှံရေးလုပ်ငန်းနှင့် ကျောင်းဖွင့်လှစ်နိုင် ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေ များကို တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်



