နေပြည်တော် မေ ၁၆
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန နေပြည်တော် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကွပ်ကဲမှု အောက် ရှိ လယ်ဝေး၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား မြို့နယ်နှင့် တပ်ကုန်းမြို့နယ် ဘဏ်ခွဲလေးခုမှ တောင်သူဦးကြီး များအား ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့တွင် စတင်ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
နိုင်ငံအတွင်း စားနပ်ရိက္ခာ ဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက် ကုန်များကို နိုင်ငံတကာ ဈေးကွက် သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေး နှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ တိုးတက် ရေးတို့ကို ရည်ရွယ်၍ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် မိုးစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း ထုတ်ချေးပေးလျက်ရှိသည်။
၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို လယ်ဝေး ဘဏ်ခွဲအနေဖြင့် ကျေးရွာအုပ်စု တစ်အုပ်စု၊ တောင်သူ ၅၀၊ စပါး ၁၇၆ ဧကအတွက် ချေးငွေကျပ် ၂၆ ဒသမ ၄ သန်း၊ ပုဗ္ဗသီရိ ဘဏ်ခွဲအနေဖြင့် ကျေးရွာအုပ်စု တစ်အုပ်စု၊ တောင်သူ ၄၇ ဦး၊ စပါး ၁၆၅ ဧက၊ အခြားသီးနှံ ခုနစ်ဧကအတွက် ချေးငွေကျပ် ၂၅ ဒသမ ၄၅ သန်း၊ ပျဉ်းမနား မြို့နယ်ဘဏ်ခွဲအနေဖြင့် ကျေးရွာ အုပ်စု တစ်အုပ်စု၊ တောင်သူ ၅၅ ဦး၊ စပါး ၁၆၃ ဧက၊ အခြားသီးနှံ ၃၂ ဧကအတွက် ချေးငွေကျပ် ၂၆ ဒသမ ၁၅ သန်းနှင့် တပ်ကုန်း မြို့နယ်ဘဏ်ခွဲအနေဖြင့် ကျေးရွာ အုပ်စု တစ်အုပ်စု၊ တောင်သူ ၅၅ ဦး၊ စပါး ၁၉၁ ဧက၊ အခြားသီးနှံ ၁၀ ဧကအတွက် ချေးငွေကျပ် ၂၉ ဒသမ ၆၅ သန်း စတင်ထုတ် ချေးပေးလျက်ရှိသည်။
ပြည်ထောင်စု နယ်မြေ နေပြည်တော် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကွပ်ကဲမှုအောက် ရှိ ဘဏ်ခွဲလေးခုမှ နေပြည်တော် နယ်မြေအတွင်းရှိ တောင်သူများ သို့ ချေးငွေများ စိုက်ပျိုးရာသီချိန် အမီရရှိရေး ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်



