နေပြည်တော် မေ ၁၆
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာ ဗျူဟာ လေ့လာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ် ဝန်ချုပ်ရုံးများတွင် ပထမအကြိမ် အဖြစ် သွားရောက် တာဝန် ထမ်းဆောင်မည့် ဌာနခွဲစာရေး များ အင်္ဂလိပ်စာနှင့် နိုင်ငံခြား ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ တွင် နိုင်ငံခြားရေးဝန်ကြီး ဌာန လောကနတ်ခန်းမ၌ ကျင်းပ သည်။
တက်ရောက်
သင်တန်းဖွင့်ပွဲ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင် တက်ရောက် အမှာ စကားပြောကြားပြီး အခမ်း အနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။
ရက်သတ္တရှစ်ပတ်ကြာ ဖွင့်
အဆိုပါသင်တန်းကို နေပြည် တော်၌ မေ ၁၆ ရက်မှ ဇွန် ၂၄ရက် အထိလည်းကောင်း၊ ရန်ကုန်မြို့၌ ဇွန် ၂၇ ရက်မှ ဇူလိုင် ၈ ရက် အထိ လည်းကောင်း စုစုပေါင်း ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ပြီး နိုင်ငံ၏မူဝါဒ များ၊ နိုင်ငံခြားရေးရာ ကိစ္စရပ် များအပြင် ဗဟုသုတများ ကို သိရှိနားလည်နိုင်စေရန်နှင့် အင်္ဂလိပ်စာ အရည်အသွေး ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်သည်။
ပို့ချသွားမည်
သင်တန်းနည်းပြ ဆရာ၊ ဆရာမများအဖြစ် ဝါရင့်သံတမန် ကြီးများနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဦးစီးဌာနအသီးသီးမှ အဆင့် မြင့်အရာရှိကြီးများ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူး ဝန်အဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန၊ ဒဂုံတက္ကသိုလ် (နိုင်ငံတကာ ဆက်ဆံရေးဌာန)၊ နိုင်ငံခြားဘာသာ တက္ကသိုလ် (အင်္ဂလိပ်စာဌာန)တို့မှ တာဝန်ရှိ သူများကို ဖိတ်ကြား၍ သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်း သား ဌာနခွဲစာရေး ၃၃ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်



