နေပြည်တော် ဧပြီ ၂၆
ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ကမ္ဘာ့မူပိုင်ခွင့်နေ့ အခမ်းအနားများ ကို ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၈) ကြိမ်မြောက် ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် ကျရောက်သည့် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ဦးဆောင်ကျင်းပခွင့်ရသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း။
မူပိုင်ခွင့်များကိုထိရောက်စွာ အကာအကွယ်ပေး နိုင်ခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်များ ပေါ်ပေါက်လာစေနိုင်ခြင်း၊ အဆင့်မြင့် နည်းပညာများကို လွှဲပြောင်းရယူနိုင်စေခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာနိုင်ခြင်း၊ တီထွင်ဖန်တီးသူနှင့် သုံးစွဲသူများအကြား အကျိုး အမြတ်ကို မျှတစွာခွဲဝေခံစားစေခြင်းအားဖြင့် စာပေ နှင့် အနုပညာ၊ စက်မှုလက်မှုကဏ္ဍများတွင် တီထွင် ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်းနှင့် လူနေမှု အဆင့်အတန်း မြင့်မားလာနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်ရာ မူပိုင်ခွင့်ကဏ္ဍအနေ ဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း။
ယခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့ ဆောင်ပုဒ်နှင့်အညီ ယနေ့ခေတ်လူငယ်များ အနာဂတ် ပိုမိုလှပစေမည့် ဆန်းသစ်တီထွင်မှုများ ဖန်တီးလာနိုင်စေရန် မူပိုင်ခွင့် အကာအကွယ်ပေးခြင်းစနစ် တည်ထောင်ရာတွင် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ် မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးညွန့်အောင်က အမှာစကားပြောကြားပြီး မူပိုင်ခွင့် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ ပေးပို့ သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ် လက်ရာများနှင့် မူပိုင်ခွင့်ဦးစီးဌာန၏ လှုပ်ရှားမှု မှတ်တမ်း Video Clip ကို ပြသသည်။
ထို့နောက် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်း အမှတ် ကဗျာ၊ ပိုစတာနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများနှင့် ဂုဏ်ပြုတေး ရေးစပ်သီကုံးသူ၊ တီးခတ်ပေးခဲ့သူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူ များက Inperson ဖြင့်လည်းကောင်း၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက Online ဖြင့်လည်း ကောင်း တက်ရောက်ကြသည်။
ယခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့ ဆောင်ပုဒ်မှာ IP and Youth; Innovating for A Better Future “မူပိုင် ခွင့်နှင့် ယနေ့လူငယ်၊ အနာဂတ်လှပစေဖို့ ဆန်းသစ် တီထွင်ကြပါစို့” ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



