နေပြည်တော် ဧပြီ ၂၆
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ထိုင်းနိုင်ငံ တရားရေးဝန်ကြီး H.E.Mr. Somsak Thepsutin ၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရန် ဧပြီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ မြန်မာအမျိုးသား လေကြောင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ ထွက်ခွာသွားသည်။
ဆက်လက်ပူးပေါင်းဆောင်ရွက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် ထိုင်းနိုင်ငံ တရားရေးဝန်ကြီး H.E.Mr.Somsak Thepsutinနှင့် တွေ့ဆုံ ၍ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့် ဆောင်ရွက်ရေး၊ ယခုလက်ရှိ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး Operation 1511/22 ၏ အောင်မြင်မှု နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံ မူးယစ် ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) မှ မူးယစ်ဆေးဝါးပြစ်မှုများနှင့် ဆက်နွှယ်၍ သိမ်းဆည်းထားရှိသော ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပုံအဆင့်ဆင့်နှင့်အတူ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်း များတွင် ခေတ်မီနည်းပညာအသုံးပြု ဖော်ထုတ်ဆောင်ရွက်နေမှု၊ သိမ်းဆည်း ထားသည့် ဘဏ္ဍာသိမ်းပစ္စည်းများ လေလံတင်ရောင်းချမှုတို့ကို ကြည့်ရှု လေ့လာကြသည်။
ကြည့်ရှုလေ့လာ
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဘန်ကောက်မြို့ရှိ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့၏ ဆိုင်မိုင်နယ်မြေရဲစခန်းနှင့် ရေကြောင်းရဲတပ်ဖွဲ့တို့မှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်နေမှု၊ ရဲတပ်ဖွဲ့ဝင်များ၏ နေထိုင်ရေးနှင့်အုပ်ချုပ် ထောက်ပံ့ရေး ဆောင်ရွက်ပေးမှုကို ကြည့်ရှုလေ့လာခဲ့သည်။
သဘောတူ ဆွေးနွေးဆုံးဖြတ်
ခရီးစဉ်တွင် အတူလိုက်ပါသွားသော မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက် အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဧပြီ ၂၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက် မြို့ Anantra Siam Bangkok Hotel အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံမှ အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် ကျင်းပ သည့် (၂၃)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ် ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဒေသတွင်း မူးယစ်ဆေးဝါးအခြေအနေ များ၊ ရွှေတြိဂံဒေသသို့ ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှု ထိန်းချုပ်ရေး၊ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများသို့ မူးယစ်ဆေးဝါးများ ပျံ့နှံ့မှုမရှိစေရေး၊ နှစ်နိုင်ငံ အလိုရှိ တရားခံများ ဖော်ထုတ် ဖမ်းဆီးရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အရာရှိများ၏ စွမ်းရည် မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ လူငယ်များအကြား မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးရေးကိစ္စရပ်များ နှင့် (၂၄)ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရေးကိစ္စရပ်များကို သဘောတူ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဧပြီ ၂၅ ရက် ညနေပိုင်းတွင် မြန်မာအမျိုးသား လေကြောင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
သတင်းစဉ်



