အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ ရာသီဥတုဆိုးရွားမှုကြောင့် ၁၀၄ ဦး သေဆုံး

 

နယူးဒေလီ မေ ၁၄

အိန္ဒိယနိုင်ငံမြောက်ပိုင်း အထူးသဖြင့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း မိုးသည်း ထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှု၊ မိုးကြိုးပစ်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် ၁၀၄ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိသည် ဟု အစိုးရအရာရှိများက မေ ၁၄ ရက်တွင် အတည်ပြု ပြောကြားသည်။

 

ထို့ပြင် ဥတ္တရာပရာဒေ့ရှ် ပြည်နယ်ရှိ နေရာအများအပြားတွင် မွေးမြူရေးနှင့်ရေလုပ်ငန်း၌ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်း၊ နေအိမ်များပျက်စီးခြင်းနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးခြင်းတို့ဖြစ်ပေါ်ခဲ့ရသည်။ ထောင်နှင့် ချီသည့် သစ်ပင်များလဲပြိုခြင်း၊ နေအိမ်နံရံများ ပြိုကျခြင်းနှင့် လူ့အသက်ဆုံးရှုံးမှုတို့ ဖြစ်ပေါ်ခဲ့ရသည်။

 

ခရိုင်အားလုံးရှိ ကယ်ဆယ်ရေးကော်မရှင်နာများအား ထိခိုက်ခံစားရသူများအားလုံးကို ကယ်ဆယ်ရေး အကူအညီများပေးရန် ဥတ္တရာပရာဒေ့ရှ် ပြည်နယ် ဝန်ကြီးချုပ် ယိုဂီအဒစ်ရာနက်က ညွှန်ကြားထားသည်။ ခရိုင်များထဲမှ အထိခိုက်အများဆုံးခရိုင်မှာ ပရာယာဂရက်ဂျ်ဖြစ်ပြီး သေဆုံးသူ ၂၀ နီးပါးရှိသည်ဟု သိရသည်။

ဆင်ဟွာ