ဘန်ကောက် မေ ၁၄
နိုင်ငံခြားခရီးသွားများ၏ တရားမဝင် လုပ်ဆောင်ချက်များအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် ထိုင်းအစိုးရက ဗီဇာ ကင်းလွတ်နေထိုင်ခွင့်ကာလကို ရက်ပေါင်း ၆၀ မှ ၃၀ သို့ လျှော့ချရန် စီစဉ်လိုက်သည်။
ရက် ၆၀ ကာလသည် အလွန် ရှည်ကြာသည့် ကာလဖြစ်နိုင်ကြောင်းနှင့် အချို့သည် ခရီးသွားရန် ရည်ရွယ်ချက်သက်သက် မဟုတ်ဘဲ လက်ရှိမူဝါဒကို မိမိတို့ အကျိုးစီးပွားအတွက် အခွင့်အရေးယူ အသုံးချလျက်ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟ ဆက် ဖူဝန်ကေ့ကဲ့ဝို့က မကြာသေးမီက သတင်းထောက်များကို ပြောကြားခဲ့သည်။
မိမိတို့၏နိုင်ငံခြားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာအေဂျင်စီများနှင့် တိုင်ပင်ညှိနှိုင်းပြီး အဆိုပါ အစီအစဉ်ကို အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ထိုင်းနိုင်ငံသည် နိုင်ငံနှင့်ဒေသပေါင်း ၉၃ ခုအတွက် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် ကို ၂၀၂၄ ခုနှစ်က စတင်ကျင့်သုံးခဲ့သည်။
အချို့ နိုင်ငံခြားခရီးသွားများသည် ရက်ပေါင်း ၆၀ ဗီဇာ ကင်းလွတ်ခွင့်ကာလကို အလွဲသုံးစားလုပ်နေကြောင်းနှင့် ၎င်းတို့ နေထိုင်နေစဉ် ကာလအတွင်း တရားမဝင်ကိစ္စရပ်များ လုပ်ဆောင်လျက်ရှိသည်ဟု အရာရှိများက ပြောသည်။
အင်န်အိတ်ချ်ကေ