နေပြည်တော် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံလေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် လေယာဉ်ပျံသန်းမှုဆိုင်ရာပညာရပ်များကို နားလည်သိရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက်ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်နှင့် လူငယ်လူရွယ်များအား အခြေခံရေကူး၊ ရေတပ်သားပညာရပ်၊ အလံအချက်ပြဆက်သွယ်ရေး ဘာသာရပ်နှင့် လှေလှော်ရွက်တိုက်ဘာသာရပ်များ သိရှိနားလည်၍ ရေကြောင်းသွားလာမှုဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး အနာဂတ်မျိုးဆက်သစ် ရရှိစေရန်တို့အတွက် ရည်ရွယ်၍ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းများကို ဧပြီ ၂၇ ရက်မှစတင်၍ ပုသိမ်မြို့ရှိ ပုသိမ်သင်တန်းစခန်းအသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အဆိုပါအခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများ သင်ကြားလေ့ကျင့်နေမှုအား ယမန်နေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သင်တန်းသားသင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်သင်တန်းစခန်း၌ တက်ရောက်သင်ကြားလေ့ကျင့်နေသော ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းသား သင်တန်းသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ အတူတကွသုံးဆောင်ကြပြီး သင်တန်းသား သင်တန်းသူများ သင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်