နေပြည်တော် မေ ၁၁
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID တို့ကို ပြည်သူများထံ ပေးအပ်သည်။
ထို့နောက် လယ်ဝေးမြို့နယ် ဝက္ကမူကျေးရွာ တောင်သူ ဦးသိန်းဆောင်၏ လယ်မြေတွင် နည်းပညာသစ် ကိရိယာများဖြင့် မြေဆီလွှာ ပြုပြင်ထွန်ယက်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ပြီး တောင်သူများနှင့် တွေ့ဆုံအမှာ စကားပြောကြားကာ ကွင်းသရုပ် ပြနေမှုနှင့် ၂ဝ၂၅ - ၂ဝ၂၆ ခုနှစ် နွေစပါးစိုက် တောင်သူများအား ယူရီးယားမြေဩဇာရောင်းချနေမှုကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ GAP Model Farm ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ငွေနှင်းမှိုနှင့် အခြားသီးနှံများစိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)