နေပြည်တော် မေ ၄
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်း လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်း နိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါ ဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက် လျက်ရှိသည်။
သိမ်းဆည်းရမိ
ထိုသို့ ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လုံခြုံရေးပူးပေါင်းအဖွဲ့များက အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ ဝင်ရောက်အခြေပြုနေထိုင် ခြင်းမရှိစေရန်အတွက် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် အတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို လုပ်ဆောင်စဉ် မိုင်းပန်မြို့၏ မြောက်ဘက် ကျိုင်းတောင်း-မိုင်းပန်သွားကားလမ်း၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအတွင်း မီးရှို့ဖျက်ဆီး ထားသည့် ကွန်ပျူတာများ၊ လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလျားပေ ၂၅၀ အနံပေ ၃၀ ရှိ (သွပ်မိုး၊ သွပ်ကာ) အလုပ်ရုံ သုံးရုံ၊ အလျားပေ ၁၀၀ အနံပေ ၃၀ ရှိ လူနေတဲ ရှစ်လုံး၊ All In One တစ်လုံး၊ Laptop ၁၂ လုံး၊ Starlink လေးလုံး၊ ပါဝါ စတေရှင်(အကြီး) သုံးလုံး၊ ပါဝါ စတေရှင်(အသေး) တစ်လုံး၊ 200 KV မီးစက်(အကြီး) တစ်လုံး၊ 150 KV မီးစက်(အကြီး) တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရှာဖွေဖော်ထုတ်မှုများ ဆက်လက် ဆောင်ရွက်ရာ မွန်းလွဲပိုင်းတွင် မိုင်းပန်မြို့၏ မြောက်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာ ကျိုင်းတောင်း-မိုင်းပန်သွား ကားလမ်းအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ “ဝ” လူမျိုး အမျိုးသား တစ်ဦး၊ ရှမ်းလူမျိုး အမျိုးသမီး နှစ်ဦး၊ လားဟူ လူမျိုး အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ညနေပိုင်း၌ ၎င်းနေရာ၏ အရှေ့မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာတွင်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅၂ ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့် တရားမဝင် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ စုစုပေါင်း ၅၆ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည် လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစား မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်